မန္တလေးတွင် နိုင်ကျဉ်း ၅၀ ဝန်းကျင်လွတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၅ ရက်။
မန္တလေးအိုးဘိုအကျဥ်းထောင်မှ လွတ်လာသည့် အကျဉ်းသူ/သားများထဲ အ နိုင်ငံရေးအကျဥ်းသား ၅၀ ဝန်းကျင် ပါဝင်သည်ဟု လွတ်မြောက်လာသူများက ပြောသည်။
အိုးဘိုအကျဥ်းထောင်မှ လွတ်မြောက်လာသူ အယောက် ၆၀၀ ကျော်ရှိသည့်အနက် အများစုမှာ ကျောက် အရောင်းအဝယ် သမားများဖြစ်ပြီး ဧည့်စာရင်းစစ်ချိန်တွင် ဖမ်းမိသူများနှင့် နိုင်ငံရေးအကျဥ်းသား ၅၀ ဝန်းကျင် ပါသည်ဟု ပြောသည်။
လွတ်မြောက်လာသူတစ်ဦး၏ မိသားစုဝင်က “ဒီတခါက တိုးတိုးတိတ်တိတ် အသုတ်ခွဲပြီး လွတ်ပေးတာ။ ဘယ် သူတွေ လွတ်တဲ့ထဲ ပါမယ်ဆိုတာကိုတောင် ကြိုမသိရဘူး။ မနက်မှ စာရင်းထဲပါပြီး လွတ်လာတာတွေလည်း ရှိတယ်” ဟု ပြောသည်။
မန္တလေးကျောက်ဝိုင်းတွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလက တရားမဝင် ကျောက်မျက်ရောင်းဝယ်သည်ဟု ဆိုကာ
ကျောက်အရောင်းအဝယ်သမား စုစုပေါင်း ၄၀၀ ဝန်းကျင် ကို စစ်ကောင်စီတပ် က ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုလွတ်မြောက်လာသူများထဲတွင် ကျောက်မျက်အရောင်းအဝယ်သမား မည်မျှပါသည်ကိုမူ စာရင်းအတိအကျ မသိရသေးပေ။
မန္တလေးမြို့က ကျောက်ဝိုင်းပြင်ပ အရောင်းအ၀ယ်လုပ်သောကြောင့် ဖမ်းဆီးအမှုဖွင့်ခံခဲ့သည့် ကျောက်သမား ၄၀၀ ကျော်ကို ၂၀၂၂ ခုနှစ် ဇန္နဝါရီလဆန်းပိုင်းတွင် သက်ဆိုင်ရာတရားရုံးများတွင် တရားစွဲတင်လိုက်ပြီး
တရားမ၀င် ကျောက်မျက်ရတနာ ရောင်း၀ယ်မှု ဥပဒေပုဒ်မ ၅၁-ခ၊ ၅၄ တို့ဖြင့် တရားစွဲတင်ကာ အာမခံလည်း မပေးခဲ့ဘဲ နောက်ပိုင်းတွင် ထောင်ဒဏ်များ အသီးသီးချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။
ဖမ်းဆီးအမှုဖွင့်ခံထားရသည့် ကျောက်သမား ၄၀၀ ကျော်ကို မဟာအောင်မြေ မြို့နယ်တရားရုံးတွင် လည်း ကောင်း၊ အောင်မြေသာစံမြို့နယ် တရားရုံးတွင် လည်းကောင်း အသီးသီး တရားစွဲတင်ခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့ ဖမ်းဆီးခံရသူများထဲတွင် တရုတ်နိုင်ငံသားများလည်းပါ၀င်ခဲ့သည်ဟု မန္တလေး ဒေသခံများက ပြော သည်။
စစ်ကောင်စီတပ်က ဇန္နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့တွင် နိုင်ငံတဝှမ်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဥ်းသူ/သား ၇၀၁၂ ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ – ၄၀၁၊ ပုဒ်မခွဲ (၁) အရ လွတ်ငြိမ်းခွင့်ပေး ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်က လွတ်ငြိမ်းခွင့်နှင့် လွတ်ပေးသူများထဲတွင် အကျဥ်းထောင် ၁၉ ခု ဝန်းကျင်က နိုင်ငံရေး အကျဥ်းသူ/သား စုစုပေါင်း အယောက် ၂၀၀ ကျော် လွတ်မြောက်လာသည်ဟု နိုင်ငံရေးအကျဥ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) က ဇန္နဝါရီလ ၄ ရက်နေ့ ထုတ်ပြန်သည်။