အင်းလေးတိုက်ပွဲ PDF တပ်ရင်းမှူး တစ်ဦး ကျဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၅ ရက်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်း စစ်ကောင်စီတပ်နှင့် အင်းလေး ပြည်သူ့ ကာကွယ်ရေးတပ် (IPDF) တို့အကြားက ၂ ရက်ဆက်တိုက် တိုက်ပွဲအတွင်း IPDF တပ်ရင်းမှူးနှင့် ရဲဘော် ၄ ဦး ကျဆုံးခဲ့သည့်အပြင် စစ်ကောင်စီဘက်က အယောက် ၄၀ နီးပါး သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

အင်းလေးဒေသ၊ သန်းထောင်ကျေးရွာအုပ်စု၊ ဘုရားနီကျေးရွာတွင် စစ်ကောင်စီတပ်များနှင့် IPDF တို့ ယမန်နေ့ ညနေ ၄ နာရီကျော်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ အယောက် ၂၀ ခန့် ကျဆုံးနိုင်ခဲ့ပြီး IPDF တပ်ရင်းမှူး ကိုအောင်ချမ်းအေး အပါအဝင် ရဲဘော် ၄ ဦးကျဆုံးသွားသည်ဟု သန်းထောင်ရွာခံ ပြည်သူများက ပြောသည်။

IPDF နှင့် နီးစပ်သည့် ထောက်ပို့ အမျိုးသမီးတစ်ဦးက “ရေသွားခပ်ကြမယ်ဆိုတော့ ရဲဘော်ထဲက တယောက်က အရင် ထွက်သွားလိုက်တာ။ ပြီးမှ တပ်ရင်းမှူးနဲ့ ကျန်တဲ့လူတွေက လိုက်သွားတော့ စကစတွေနဲ့ တိုးတာ။ အဲဒီမှာ အပစ်ခံလိုက်ရတာ။ အရင်ထွက်သွားတဲ့ သူကိုတော့ ဒလန်လို့ သံသယရှိတယ်” ဟု ပြောသည်။

အလားတူ ဇန္နဝါရီလ ၃ ရက်နေ့တွင်လည်း ဘုရားနီကျေးရွာ၌ စစ်ကောင်စီတပ်များနှင့် IPDF တို့ နေ့လည် ၁ နာရီ မှ ညနေ ၆ နာရီကျော် အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ဘက်က အယောက် ၂၀ နီးပါး ကျဆုံးနိုင်ပြီး IPDF ဘက်တွင် သန်းထောင်ကျေးရွာခံ ရဲဘော် ၂ ဦးနှင့် ခေါင်တိုင်ကျေးရွာခံ ရဲဘော် ၁ ဦး ကျဆုံးသွားသည်ဟု သန်း ထောင်ရွာခံများက ပြောသည်။

အသက် ၃၀ ကျော်အရွယ် သန်းထောင်ရွာခံ အမျိုးသားတစ်ဦးက “စစ်တပ်ဘက်က အသေများတယ်ထင်တယ်။ လူနာတင်ကား ၁၀ စီးကျော် ရောက်လာတယ်။ စစ်ကူကားလည်း အစီး ၂၀ ကျော်တယ်။ လက်နက်ကြီးတွေနဲ့ အပြည့်ပဲ။ ရွာကလူတွေကိုလည်း ခြိမ်းခြောက်ပြီး သူတို့ပစ္စည်းတွေကို သယ်ခိုင်းတယ်။ မီဒီယာကို သတင်းပေး တဲ့ လူ ပစ်သတ်မယ်လို့ ပြောသွားတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်များသည် တိုက်ပွဲဖြစ်ပွားခဲ့သည့် ဇန္နဝါရီလ ၃ ရက်နေ့တွင်လည်း သန်းထောင်ဈေးတွင် တက် တူး (ဆေးမင်ကြောင်)ထိုးပေးသည့် အမျိုးသားတစ်ဦးကို ထောက်ပို့ဟု စွပ်စွဲကာ ဆိုင်ရှိ ပစ္စည်းများကို ရိုက်ခွဲ ဖျက်ဆီးခဲ့ပြီးနောက် ၎င်းကိုပါ ရိုက်နှက်ဖမ်းဆီး၍ တိုက်ပွဲတွင် အသုံးချရန် ပေါ်တာဆွဲသွားသည်ဟု ဒေသခံများ က ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ၎င်းတို့ဘက်တွင် အကျအဆုံးများနေသောကြောင့် နန်းပန် စစ်ဆးရေးဂိတ်တွင် တပ်စွဲထားသည့် ပအိုဝ်းပြည်သူ့စစ် (PNA )နှင့် စစ်ကောင်စီပူးပေါင်းတပ်တို့ကလည်း စစ်ဆေးရေးဂိတ်ကို ရုတ် သိမ်းလိုက်ပြီး ဘုရားနီကျေးရွာသို့ စစ်ကူထွက်သွားသည်ဟု နန်းပန်မြို့ခံများ က ပြောသည်။

လက်ရှိအချိန်အထိ ဘုရားနီကျေးရွာတွင် တိုက်ပွဲများ ပြင်းထန်နေသောကြောင့် ညောင်ရွှေလမ်း၊ ပေါင်းပိန်းဂိတ် နှင့် အင်းတိန်မှ လာသည့် လမ်းကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားသည့် အပြင် ရေလမ်းကိုလည်း ဇန္နဝါရီလ ၅ ရက်နေ့ (ယနေ့) တွင် ထပ်မံပိတ်ဆို့လိုက်သောကြောင့် IPDF များ ပိတ်မိနေပြီး စစ်ကောင်စီတပ်များက ဝိုင်းထား သည့် အနေအထားမျိုး ဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။