ပွင့်လင်းရာသီ စစ်ကောင်စီထိုးစစ်နှင့် သက်လုံကောင်းလာသည့် ပြည်သူ့ကာကွယ်ရေး စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားမဲ့ ဒေသတွေ များလာ
ဝေဟင်စိုး
“ နွေဦးတော်လှန်ရေးမှာ စစ်ကောင်စီဘက်က ရုန်းလေ နစ်လေ ၊ ဆုတ်လေ နစ်လေ အနေအထားကို ရောက်နေ တာ တွေ့ရတာပေါ့။ အဲဒီ အနေထားမှာ ကိုယ့်ဘက်ကလည်း ပြည်သူရဲ့ ပံ့ပိုးမှု အားကောင်းလာတော့ စစ်ရေးမှာ တစ်နှစ်ထက် တစ်နှစ် အသာစီး ရနေတယ် ” ဟု ချင်းအမျိူးသား ကာကွယ်ရေးတပ်မတော် (CNF) ၏ တွဲဘက် အတွင်းရေးမှူး ဆလိုင်းထက်နီက ကျေနပ်အားရသည့် လေသံဖြင့် ဆိုသည်။
လက်ရှိတွင် ချင်းပြည်နယ်၏ နယ်မြေ (၇၀) ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရား အားလုံးနီးပါး ပျက်သုဉ်းနေပြီဟုလည်း ၎င်းက ဆိုသည်။ ၎င်းတို့၏ နယ်မြေအတွင်း စစ်ကောင်စီက တိုက်လေယာဉ်များ၊ လက်နက်ကြီးများ အသုံးပြု၍ တိုက်ခိုက်ခြင်းမျိုး ရှိနေသော်လည်း ချင်းတောင်၏ ပကတိ ပထဝီ အနေအထားအရ ထိရောက်မှု မရှိဘဲ စစ်ကောင်စီ ဘက်မှသာ အကျအရှုံး များနေသည်ဟု ဆိုသည်။
“ အရင်နှစ်ကတော့ စစ်မျက်နှာကို ချင်းတောင်မှာ နှစ်ခု သုံးခု အဲသလို တစ်ကြိမ် တစ်ခါထဲနဲ့ ဖွင့်တာမျိုး လုပ် တယ်။ ဒီနှစ်မှာက စစ်မျက်နှာ များများ မဖွင့်နိုင် တော့ဘူးပေါ့။ စစ်မျက်နှာ တစ်ခုထဲမှာပဲ တိုက်လေယာဉ်တွေ လက်နက်ကြီးတွေ ပိုပြီးတော့ အသုံးချ လာတာတွေ့ရတယ်။ သူတို့ဘက်က အပြောင်းအလဲပေါ့။ ဒီတိုက်လေ ယာဉ်တွေ အသုံးချလို့ ပြည်သူရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ ထိခိုက်လာတာတော့ ပိုပြီးတော့ ရှိလာတယ်။ ဒါကို နိုင်ငံတကာကလည်း ကြည့်နေမှာ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

ပြည်သူ့တော်လှန်ရေး အားအကောင်းဆုံး နယ်မြေတစ်ခု ဖြစ်သည့် စစ်ကိုင်းတိုင်းတွင်လည်း ပြည်သူ့ ကာကွယ် ရေး တပ်များ တူမီးသေနတ်မှ မောင်းပြန်သေနတ်သို့ ပြောင်း၍ ကိုင်လာနိုင် ကြသည်များ ရှိပြီး စစ်ဆင်ရေးဗျူ ဟာ ရေးဆွဲရာတွင်လည်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များက ပါဝင်ကူညီခြင်းကြောင့် ယခု ၂၀၂၂ ခုနှစ်တွင် နယ်မြေစိုးမိုးမှု ပိုမို အားကောင်း လာသည်ဟု ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ တစ်ဦးက ဆိုသည်။
စစ်ကိုင်းတိုင်း အတွင်း နယ်မြေ စိုးမိုးနိုင်မှုသည် ၂၀၂၁ ခုနှစ်တွင် အလွန် ခဲယဉ်းခဲ့ကာ ဒလန်၊ သူလျိုများ၏ သတင်းပေးမှုများကို ခက်ခက်ခဲခဲ ရင်ဆိုင် ကျော်လွှားခဲ့ရကြောင်း၊ ရိက္ခာ စုဆောင်းရန်ပင် အခက်အခဲများ ကြုံတွေ့ခဲ့ရကြောင်း၊ သို့သော် ၂၀၂၂ ခုနှစ်အတွင်းမှ စ၍ ဒလန်၊ သူလျိုများကို ပိုမိုထိန်းချုပ် လာနိုင်သကဲ့သို့ နယ်မြေထိန်းချုပ်လာမှု အပိုင်းတွင်လည်း အားကောင်း လာခဲ့သည်ဟု ၎င်းက ပြောသည်။
“စစ်ကောင်စီဘက်က ဆောင်းရာသီ အစပိုင်းမှာ မြေပြင်သတင်းကို အခိုင်အမာ ရယူပြီး လေကြောင်း ကနေ ခြေလျှင် စစ်သားတွေကို လာချပေးတာမျိုးတွေ လုပ်လာတယ်။ လေကြောင်း ပစ်ကူတွေနဲ့ တိုက်ခိုက်တယ်။ ဒါပေမယ့် ဒေသ ကာကွယ်ရေး တပ်ဖွဲ့တွေက ပူးပေါင်း တိုက်ခိုက်ရင် လေကြောင်းကပဲ ပြန်သယ်သွားတယ်” ဟု လည်း မြေပြင် တိုက်ခိုက်မှု အခြေအနေကို ၎င်းက ပြောသည်။

စစ်ကောင်စီတပ်သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း ရက္ခိုင့်တပ်တော် (AA) ကို ထိုးစစ်ဆင်မှု စတင်ပြုလုပ် နေရာမှ ရပ်နားပြီး တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) ကဲ့သို့ စစ်ရေးအတွေ့ အကြုံ များစွာရှိသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကို လေကြောင်းမှ သွားရောက်ပစ်ခတ်ရာ TNLA ၏ ပြန်လည် ခုခံစစ်ကြောင့် စစ်လေယာဉ်အချို့ ထိမှန်၍ ပြန်လည် ဆုတ်ခွာ သွားရသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။
တော်လှန်ရေးကာလ စစ်ကောင်စီ တပ်များကို ဖိအားပေးနိုင်သော ဒေသများထဲတွင် စစ်ကိုင်းတိုင်း၊ ချင်းပြည် နယ် ကရင်နီပြည်နယ်တို့ နည်းတူ တိုက်ပွဲများစွာဖြင့် စစ်ရေးအားကောင်းသည့် ကရင်ပြည်နယ်၌လည်း ပြည်သူ့တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှု ပိုအားကောင်းလာသည်ဟု ကရင်ပြည်နယ်အခြေစိုက် Lion Battailon Commando Special Force ၏ ပြန်ကြားရေးနှင့် ပြောခွင့်ရ ပုဂ္ဂိုလ် တောင်ပိုင်းနဂါး က ပြောသည်။
“နယ်မြေ စိုးမိုးနိုင်မှု ဆိုရင် ကျွန်တော်တို့ဘက်က များတာပေါ့။ များတယ်ဆိုတာ အရင်တုန်းက ဆိုလို့ရှိရင် ကျွန်တော်တို့ နေရာကို သူတို့က လာတိုက်တာ။ အခုက သူတို့ နေရာကိုကျွန်တော်တို့က သွားတိုက်တာ ဖြစ်နေ ပြီ။ အဲဒီတော့ မြို့ထဲမှာပဲ ဒီကောင်တွေ နေနိုင်တော့တယ်။ မြို့ပြင် ထွက်လိုက်တာနဲ့ ကျွန်တော်တို့ နယ်မြေ ဖြစ်သွားပြီ။ အဲ့လောက်ထိ ကျွန်တော်တို့က အားသာ လာတယ်လို့ ပြောလို့ ရတယ် ”ဟု ၎င်းက ဆိုသည်။

ကရင်ပြည်နယ် ကော့ကရိတ် မြို့သိမ်းတိုက်ပွဲ တစ်ခုကို ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၀ ရက်တွင် တိုက်ခိုက် နိုင်ခဲ့ကြပြီး ထိုတိုက်ခိုက်မှုတွင် Lion Battailon Commando Special Force တပ်ဖွဲ့ အပါဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပူးပေါင်း တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ စစ်ကောင်စီ တပ်ဖွဲ့များသည် ၎င်းတို့ စစ်ကြောင်း ထိုးသည်နှင့်တစ်ပြိုင်နက် စခန်းစွန့်ခွာ ထွက်ပြေးမှုမျိုးနှင့် လက်နက်ချ ဝင်ရောက်လာမှု အများအပြား ရှိလာသည်ဟုလည်း တောင်ပိုင်းနဂါး က ဆိုသည်။
“စကစ ဘက်ကတော့ သူတို့ စိတ်ဓာတ်အင်အားတွေ ကျဆင်းလာတယ်။ ပြိုကွဲလာတယ်။ အရင်တုန်းက ဆိုရင် တစ်ချက်နှစ်ချက် ခံပစ်သေးတယ်။ အခုဆိုရင် ကျွန်တော်တို့ဘက်က စစ်ကြောင်း ထိုးလိုက်ပြီဆိုတာနဲ့ သူတို့ဘက်က စခန်းကို ခွာပြေးတာမျိုးတွေ၊ ပြီးရင် CDM လုပ်ဖို့ လုပ်လို့ ရမလားလို့ ကမ်းလှမ်းတာမျိုး တွေလည်း ရှိလာတယ် ” ဟု ၎င်းက ပြောသည်။
ပြည်သူ့ရဲနှင့် ပြည်သူ့စစ်သားများကို ကူညီ စောင့်ရှောက်နေသည့် ပြည်သူ့ရင်ခွင် အဖွဲ့ အချက်အလက်များ အရဆိုလျှင် CDM ဝင်ရောက်လာသည့် တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များ ပိုမို များပြားလာလျက် ရှိသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာသော စစ်ကောင်စီတပ်သား ၄,၀၀၀ ကျော်နှင့် ရဲတပ်ဖွဲ့ဝင် ၉,၀၀၀ ဝန်းကျင် ရှိကြောင်းလည်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြည်သူလူထုထံ ပြောကြားသည့် ဇန်နဝါရီလ ၁ ရက်နေ့ နှစ်သစ်ကူး မိန့်ခွန်းထဲ တွင် ထည့်သွင်း ပြောဆိုခဲ့သည်။
ယမန်နှစ် ဧပြီလ အတွင်းက တင်သွင်းခဲ့သည့် NUG ဖွဲ့စည်းခြင်း တစ်နှစ်ပြည့် အစီရင်ခံစာတွင်လည်း အကြောင်း အမျိုးမျိုးကြောင့် စစ်ကောင်စီ လက်အောက်မှ ထွက်မလာနိုင်ဘဲ အတွင်းမှ သတင်းအချက် အလက်ပေးပို့ကာ ချိတ်ဆက် တော်လှန်နေကြသူများလည်း များစွာရှိကြောင်း၊ ယခု ၂၀၂၂ ဒီဇင်ဘာလ အတွင်း၌လည်းပြည်သူ့ ရင်ခွင် မခိုလှုံနိုင်သည့် အရာရှိ-စစ်သည်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ အနေဖြင့် အမာခံ သတင်းပေးပို့သူအဖြစ် ပြုလုပ်မည် ဆိုပါက သတင်းအချက်အလက် အဆင့်အတန်း အပေါ် မူတည်ပြီး ချီးမြှင့် ငွေများကိုလည်း ပေးအပ်သွားမည် ဖြစ်ကြောင်း ဆိုထားသည်။
တော်လှန်ရေးကာလ ကြာလာသည်နှင့်အမျှ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပြည်သူ့ကာကွယ်ရေး တပ်များ အားကောင်းရာ ဒေသများတွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ပျောက်ဆုံးလာခြင်း၊ ပြည်သူ့ကာကွယ်ရေး တော်လှန်ရေး အင်အားစုများ ဘက်က နယ်မြေစိုးမိုးမှု ပိုများလာခြင်း ၊ ပြည်သူ့ရင်ခွင်သို့ ခိုဝင်လာသည့် CDM တပ်သားနှင့် ရဲ အင်အား ပိုတိုးလာခြင်း စသည့် အခြေအနေများနှင့် အတူ တော်လှန်ရေးကို ပိုမို အားကောင်း
အထောက်အကူ ဖြစ်လာစေမည့် အရာတစ်ခုကလည်း ပေါ်ထွက်လာသည်။

မြန်မာ့အရေးနှင့်ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ (EAOs) များနှင့် ပြည်သူ့ကာကွယ် ရေးတပ် (PDF) များကို နည်းပညာ အကူအညီအပြင် လက်နက် မဟုတ်သည့် အထောက်အပံ့များ ပေးအပ်နိုင် မည့် အချက်များ ပါဝင်သော အမေရိကန် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်အက် ဥပဒေ (NDAA) – ၂၀၂၃ ကို အမေရိကန် အောက်လွတ်တော်က ၂၀၂၂ ဒီဇင်ဘာလ ၈ ရက် နေ့က အတည်ပြုခဲ့ပြီး အထက်လွှတ်တော်က ၁၅ ရက်နေ့တွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။ ထိုဥပဒေ အသက်ဝင်ရန်မှာ အမေရိကန် သမ္ပတ လက်မှတ် ထိုးရန်သာ ကျန်ရှိတော့သည်။
NDAA ကို အမေရိကန် လွှတ်တော် နှစ်ရပ်က အတည်ပြုခြင်းကို တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များက ကြိုဆိုကြောင်း ပြောဆိုထားသည်။
တော်လှန်ရေးတွင် တိုက်ပွဲများအကြား ဒေသခံ ပြည်သူလူထုက နွေဦးတော်လှန်ရေး အဆုံးသတ်မှ ၎င်းတို့၏ လူနေမှုဘဝ၊ လုံခြုံမှုများ ကောင်းမွန် လာနိုင်မည်ကို ခိုင်ခိုင်မာမာ ယုံကြည်ထားသောကြောင့် တော်လှန်စိတ် နှစ်၍ ကူညီလာြခင်းများ ရှိနေကြပြီး အမျိုးသားညီညွှတ်ရေးအစိုးရ အနေဖြင့် ၎င်းတို့ ကာကွယ်ရေး ဝန်ကြီးဌာန ထိန်းချုပ်မှုအောက်မှ တဆင့် ဒေသကာကွယ်ရေး တပ်ဖွဲ့များနှင့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များကို လက်နက် တပ်ဆင်မှုများ လုပ်ဆောင် နိုင်ပါက လက်ရှိ အခြေအနေထက် ကောင်းသည့် ဘက်သို့ ပိုမို ရောက်ရှိလာနိုင်မည် ဟု ယုံကြည်သည်ဟု စစ်ကိုင်းဒေသခံ ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့ တာဝန်ခံက ပြောသည်။

NUG နှင့် ပတ်သတ်၍ တာဝန်ရှိသူများက အောက်ခြေနှင့် ပိုမိုထိတွေ့ ဆက်ဆံမှုများ လုပ်ရန်လိုပြီး အောက်ခြေဖွဲ့စည်းမှုအား ခိုင်ရန်လိုသည်ဟုလည်း Lion Battailon Commando Special Force ၏ ပြန်ကြားရေးနှင့် ပြောခွင့်ရ ပုဂ္ဂိုလ် တောင်ပိုင်းနဂါး က အကြံပြု မှတ်ချက်ပေးသည်။
“ဘာကြောင့်လဲဆိုတော့ ဖောင်ဒေးရှင်းတစ်ခုကို ကျွန်တော်တို့က သေချာအောင် တည်ဆောက်ရမှာကိုး။ ကျွန် တော်တို့က ဖောင်ဒေးရှင်းကို ခိုင်အောင် မလုပ်ဘဲနဲ့ အမိုးကို ရွှေကွပ်မယ်တို့ နံရံကို စိန်စီမယ်တို့ သွားလုပ်နေမယ် ဆိုရင် ဘယ်လောက်ပဲ အဲ့လိုမျိုးတွေ လျှောက်လုပ်နေပါစေ။ အောက်ခြေ ဖောင်ဒေးရှင်း မခိုင်ရင် ဒီယန္တရား တစ်ခုလုံး ပြိုကျမှာပဲ” ဟု ၎င်းက ပြောသည်။