ခရီးသည်ယာဉ် တစ်စီး ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် မိုင်းဆွဲ တိုက်ခိုက်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၇ ရက်။
ရန်ကုန်-မော်လမြိုင် ကားလမ်းတွင် ခရီးသည်တင်ယာဥ်တစ်စီး မိုင်းဆွဲခံရပြီး သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကာ ၂ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြော သည်။
ရန်ကုန်ဘက်မှ မော်လမြိုင်ဘက်သို့ မောင်းနှင်လာသော သီဟမင်း ခရီးသည်တင် ယာဥ်တစ်စီးသည် မွန်ပြည်နယ်၊ သထုံမြို့နယ် ဒုံဝန်းကျေးရွာအုပ်စု၊ ကမာစိုင်းကျေးရွာအနီး အရောက် ဇန္နဝါရီလ ၅ ရက်နေ့၊ ည ၁၀ နာရီဝန်းကျင် အချိန်ခန့်တွင် မိုင်းဆွဲ ခံရပြီး သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံရခြင်း ဖြစ်သည်။
ခရီးသည်တင်ကား မိုင်းဆွဲခံရပြီး သေနတ်ဖြင့်ပါ ပစ်ခတ်ခံရမှုကြောင့် ယာဥ်မောင်း၏ ညာဘက်မျက်လုံးနှင့် ယာဥ်နောက်လိုက်၏ ညာဘက်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက “ဖြစ်တာက ည ၁၀ နာရီလောက်မှာ ဖြစ်တယ်။ ကားကို မိုင်းဆွဲတိုက်ခိုက်ပြီးတော့ သေနတ်နဲ့ ပါ ပစ်တယ်လို့ ပြောတယ်။ ယာဥ်မောင်းနဲ့ နောက်လိုက်နှစ်ဦးတော့ ထိသွားတယ်။ ဘယ်အဖွဲ့က လက်ချက်လဲ တော့ မသိဘူး” ဟု ပြောသည်။
ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ယာဉ်မောင်းနှင့် ယာဥ်နောက်လိုက်တို့ကို လူမှုကူညီကယ်ဆယ်ရေး အသင်းများ၏ အကူအညီဖြင့် သထုံခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူနေသည်ဟု ဒေသခံများက ပြောသည်။
သီဟမင်း ခရီးသည်တင်ယာဥ် မိုင်းဆွဲခံရပြီး သေနတ်ဖြင့်ပါ ပစ်ခတ်ခံရသည့်ဖြစ်စဥ်နှင့် ပတ်သက်ပြီး မည်သည့် အဖွဲ့က လုပ်ဆောင်သည်ကိုလည်း ယနေ့အချိန်ထိ အတည်ပြုနိုင်ခြင်းမရှိသေးပါ။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လတွင်လည်း ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာ ရန်ကုန်-မော်လမြိုင် အဝေးပြေး ကား လမ်းမပေါ်တွင် စစ်တောင်း နာရေးကူညီမှုအသင်းယာဥ် ပစ်ခတ်ခံရပြီး အသင်းသားတစ်ဦး သေဆုံးသွားခဲ့သည်။
ပြီးခဲ့သည့်နှစ်က သထုံမြို့နယ် ရန်ကုန် – မော်လမြိုင် ကားလမ်းမတလျှောက်တွင် ခရီသည်တင်ယာဥ် ပစ်ခတ် တိုက်ခိုက်ခံရသည့် ဖြစ်စဥ်များ ၄ ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ပြီး ကလေးနှစ်ဦး အပါအဝင် ပြည်သူ သုံးဦး ထက် မနည်း ထိခိုက် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများလည်း ရှိခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်များအရ သိရ သည်။
သထုံမြိုနယ် ရန်ကုန် – မော်လမြိုင် အဝေးပြေး လမ်းမတလျှောက်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်း တပ်ဖွဲ့တို့ အကြားတွင်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက် ထိတွေ့ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားလာခဲ့ သည်။