ပြည်သူ့ပါတီ ဧရာဝတီတိုင်း အတွင်းရေးမှူး ထောင်မှ လွတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၈ ရက်။
ပြည်သူ့ပါတီက ဧရာဝတီတိုင်း အတွင်းရေးမှူး ဦးစိန်သောင်း အပါအဝင် နိုင်ငံရေး အကျဉ်းသား ၃၃ ဦး လွတ် လပ်ရေးနေ့ လွတ်ငြိမ်းခွင့်ဖြင့် ဟင်္သာတ အကျဉ်းထောင်က လွတ်မြောက်လာသည်ဟု ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက “အင်္ဂပူ ညောင်ကျိုးဘက်မှာနေတဲ့ ကိုစိန်သောင်းလည်း လွတ်တဲ့ အထဲမှာပါတယ်။ သူက အရင်က NLD ပါတီကပါ။ လူ့အခွင့်အရေးတို့ အလုပ်သမား လယ်သမား အရေးတို့လည်း လုပ်တဲ့သူ” ဟု ပြော သည်။
လွတ်လပ်ရေးနေ့ လွတ်ငြိမ်းခွင့်ဖြင့် စစ်ကောင်စီက လွှတ်ပေးသည့် နိုင်ငံရေး အကျဉ်းသား ၃၃ ဦးသည် အမျိုး သမီး နိုင်ငံရေး အကျဉ်းသူ ၁၂ ဦး အပါအဝင် စုစုပေါင်း ၃၃ ဦး ဖြစ်သည်။
၎င်း ၃၃ ဦးသည် ပုဒ်မ-၅၀၅ ဖြင့် ထောင် ၂ နှစ်စီ အမိန့်ချခံခဲ့ရပြီး ထောင်မှ လွတ်ရက် နီးနေသည်သူများ ဖြစ် သည်ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများက ပြောသည်။
လွတ်မြောက်လာသည့် နိုင်ကျဉ်း ၃၃ ဦးမှာ ဟင်္သာခရိုင် အတွင်းရှိ မြန်အောင်၊ ကနောင်၊ ကြံခင်း၊ အင်္ဂပူ၊ ထူးကြီး နှင့် လေးမျက်နှာ စသည့် မြို့နယ်များဘက်က သူများဖြစ်ပြီး အများစုက စစ်တပ်အာဏာမှုနှင့် ပတ်သက်၍ ဆန့် ကျင်ဆန္ဒထုတ်ဖော်ကြခြင်းကြောင့် စစ်ကောင်စီက ဖမ်းဆီး ထောင်ချခဲ့ခြင်း ဖြစ်သည်။
လွတ်မြောက်လာသည့် အကျဉ်းသားတစ်ဦး က “ဟင်္သာထောင်ထဲမှာ အမိန့်ချပြီးတဲ့ နိုင်ကျဉ်းရော အမိန့်မချ ရသေးတဲ့ နိုင်ကျဉ်းရော ၁၀၀ ကျော်လောက် ကျန်ရှိနေသေးတယ်“ ဟု ပြောသည်။
ဟင်္သာတထောင်က လွတ်လာသည့် နိုင်ငံရေး အကျဉ်းသား အမျိုးသား အမျိုးသမီး ၃၃ ဦး အပြင် အခြားပြစ်မှု များဖြင့် လွတ်လာသူ ၈၇ ဦးလည်းပါသည့် အတွက် ဇန္နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ လွတ်ငြိမ်းခွင့်ထဲ လွတ် လာသူ စုစုပေါင်း ၁၂၀ ဦး ဖြစ်သည် ဟု နီးစပ်သူများက ပြောသည်။
လက်ရှိတွင် ဟင်္သာတ အကျဉ်းထောင် အတွင်း၌ နိုင်ငံရေးပုဒ်မ အမျိုးမျိုးတပ်ကာ ဆက်လက် ဖမ်းဆီးခံထား ရ သော နိုင်ငံရေးအကျဉ်းသား ၂၀၀ ဝန်းကျင်ခန့် ရှိနေနိုင်သေးသည်ဟု ဒေသခံ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ က သုံးသပ်ကြသည်။
နိုင်ငံတဝှမ်း အကျဉ်းချခံနေရသည့် အကျဉ်းသား ၇,၀၁၂ ဦးကို စိန်ရတု လွတ်လပ်ရေး အထိမ်းအမှတ်နှင့် လူမှုရေး ထောက်ထားမှုအရ ခြွင်းချက်ထားပြီး လွတ်ငြိမ်းခွင့်ပေးခြင်း ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ထို့အပြင် လူသတ်မှု၊ လက်နက်မှု၊ မတရားအသင်း ဆက်သွယ်မှု၊ မူးယစ်ဆေးဝါးနှင့် သက်ဆိုင်သည့် အမှုများ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာပြစ်မှု၊ အကြမ်းဖက် ဥပဒေချိုးဖောက်မှုနှင့် အဂတိလိုက်စားမှုများမှအပ အခြားသော ပြစ်မှုများဖြင့် အကျဉ်းချခံနေရသူများကို ပြစ်ဒဏ်၏ ၆ ပုံ ၁ပုံ လွတ်ငြိမ်းသက်သာ ခွင့်ပြု လိုက် သည်ဟုလည်း စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေ သတင်းဌာနကကို ဖြေဆိုထား သည်။