နိုင်ကျဉ်း ၄ ဦးကို နှိပ်စက်ခြင်းကြောင့် ထောင်ဆူခဲ့ခြင်း ဖြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၈ ရက်။
နှစ်ရှည် ထောင်ကျနေသော နိုင်ငံရေးအကျဉ်းသား ၄ ဦးကို ထောင်ညွှန်ကြားရေးမှူးနှင့် အဖွဲ့က နှိပ်စက် ညှင်းပန်း သဖြင့် ပုသိမ်အကျဉ်းထောင်တွင်း ဆန္ဒပြဖြစ်ပွားရာ ရဲနှင့် ထောင်အုပ်ချုပ်ရေးအဖွဲ့က သေနတ်၊ လေးဂွတို့ဖြင့် ပစ်ခတ် ဖြိုခွင်းပြီး လူစုခွဲခဲ့ရသည်ဟု အကျဉ်းဦးစီးနှင့် နီးစပ်သူများက ပြောသည်။
ဇန္နဝါရီလ ၆ ရက်နေ့ (ယမန်နေ့) နံနက် ၉ နာရီဝန်းကျင် အချိန်က ပုသိမ်အကျဉ်းထောင်တွင် ဆူပူဆန္ဒပြမှု ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး နံနက် ၁၀ နာရီကျော် အချိန်ခန့်တွင် ပြီးစီးသွားသည်ဟု နီးစပ်သူ တစ်ဦးက ပြောသည်။
ထောင်ဝင်စာပို့သည့် အမျိုးသမီးတစ်ဦးက “အထဲက အော်ဟစ်သံတွေ အပြင်က ကြားရတယ်။ မိန်းဂျေးပေါ် ကနေ သေနတ်နဲ့ ၄ ချက် မိုးပေါ်ထောင်ပစ်တာ ထင်တယ်။ ကျည်ဆံတွေက အပြင်မှာလည်း ကျတယ်။ အထဲက ထောင်သားတွေကိုတော့ လောက်လေးဂွနဲ့ ပစ်ကြတယ်လို့ သိရတယ်။ ကျမတို့လည်း ထောင်ဝင်စာ ပို့ခွင့်မရ တော့ဘူး“ ဟု ပြောသည်။
ထောင်ဒဏ် ၁၀ နှစ် နှင့် နှစ် ၂၀ ကျော်အကြား ထောင်ကျနေပြီး ပုသိမ်မြို့ခံများလည်း ဖြစ်သည့် နိုင်ငံရေးအကျဉ်း သား ကိုဝင်းထွန်းနိုင် (ခေါ်) ဧရာဝတီခေါလေး၊ ကိုဖိုးလပြည့်၊ ကိုမဲကြီး နှင့် နောက်တစ်ဦး တို့ကို ညွှန်ကြားရေးမှူး နှင့် အဖွဲ့က လက်ကိုင်ဖုန်း ထောင်ထဲကို သွင်းသည်ဟု စွပ်စွဲပြီး ဇန္နဝါရီလ ၅ ရက်နေ့ညက တညလုံး ရိုက်နှက် နှိပ်စက်ကြခဲ့ကြသည် ဟု ပုသိမ် အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူ အချို့က ပြောသည်။
ရိုက်နှက်ခံရသူ ၄ ဦးကို မူလအိပ်ဆောင်သို့ ပြန်မပို့ဘဲ အိပ်ဆောင် ၆ တွင် ခွဲချုပ်နှောင်ထားရာ ကျန်နိုင်ငံရေး အကျဉ်းသားများအား သွားရောက်တွေ့ဆုံ ခွင့်မပြုသဖြင့် တွေ့ဆုံခွင့်ပေးရေးနှင့် အဖြစ်အပျက်မှန် ဖေါ်ထုတ် ပေး ရန်အတွက် ဆန္ဒပြရာမှ ထောင်တွင်း ဆူပူမှုဖြစ်ပွားခြင်း ဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။
ထောင်ဆူပူမှုမှာ အိပ်ဆောင် ၁ နှင့် အိပ်ဆောင် ၂ က နိုင်ငံရေး အကျဉ်းသား ၂၅ ဦးကျော်ကို ထောင်ကျရာဇဝတ် အကျဉ်းသားများဖြင့် ဖွဲ့စည်းထားသော ထောင်စည်းကမ်း ထိမ်းသိမ်းရေးအဖွဲ့က ရိုက်နှက်ပြီး ထောင်အာဏာပိုင် အဖွဲ့က စစ်ဆေးနေသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူအချို့က ဆိုသည်။
ပုသိမ်ထောင်က လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်လာသည့် အကျဉ်းသားဟောင်းတစ်ဦးက “ညွှန်မှူးက မူးလာရင် ပြဿနာ အရမ်းရှာတဲ့သူ တကယ်တော့ ဖုန်းအပါအဝင် တားမြစ်ပစ္စည်းတွေ ထောင်ထဲကို သွင်းလို့ရတာက သူ က တပည့်တွေ မွေးပြီး လုပ်စားနေတာလေ။ ပြီးတော့ ဖုန်းရှိနေတဲ့ သူတွေကိုခေါ်ပြီး ဖုန်းသိမ်းတယ်။ နောက် အမှု ထပ်မတပ်ဖို့ ငွေညစ်တယ်” ဟု ပြောသည်။
လက်အခြေအနေတွင် ပုသိမ်နယ်မြေ ရဲစခန်းမှူး နှင့် ရဲတပ်ဖွဲ့ဝင်များက ထောင်အတွင်းအထိ ဝင်ရောက်ကာ လုံခြုံ ရေးယူပေးထားပြီး ရာဇဝတ်မှုဖြင့် ထောင်ကျသော အကျဉ်းသားများဖြင့် ဖွဲ့စည်းထားသည့် ထောင်စည်းကမ်း ထိမ်းသိမ်းရေး အဖွဲ့ဝင် အယောက် ၂၀ ခန့် ကို ဝါးရင်းတုတ် လက်နက် တပ်ဆင်ပေးထားသည်ဟု ထောင်ဝန်ထမ်း အချို့နှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။
ပုသိမ် အကျဉ်းထောင်ထဲတွင် နှစ်ကြီးထောင်ကျ နိုင်ကျဉ်းများ အပါအဝင် နိုင်ငံရေး အကျဉ်းသား အမျိုးသား အမျိုးသမီး စုစုပေါင်း အယောက် ၆၀၀ နီးပါးခန့် ရှိနေပြီး အခြား ရာဇဝတ်မှု အကျဉ်းသားများပါ ပေါင်းပါက ၁၅၀၀ ဝန်းကျင်ခန့် ရှိနိုင်သည်ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများက ပြောသည်။