ဈေးဝယ်ထွက်သူ ရဲတစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၈ ရက်။

နယ်မြေခံ ရဲစခန်းအတွင်းမှ ဈေးဝယ် ထွက်လာသူ ၂ ဦး ပစ်ခတ်ခံရကာ တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရရှိခဲ့ ပြီးနောက် နေအိမ် ၂ ဆောင်နှင့် ထန်းတဲ တစ်လုံးကို စစ်ကောင်စီ တပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ သကျက်တောကျေးရွာ ဇန္နဝါရီလ ၆ရက်နေ့၊ နံနက် ၁၀ နာရီ အချိန်ခန့်က ရဲစခန်းအတွင်းမှ ဆိုင်ကယ်အတူ စီး၍ ထန်းရည်ဝယ်ရန် ထွက်လာသူ ၂ ဦးသေနတ်ဖြင့် ချောင်းမြောင်း ပစ်ခတ် ခံရခြင်း ဖြစ်သည်။

ပစ်ခတ်ခံရမှုကြောင့် ရဲ ၁ ဦး သေဆုံးပြီး စစ်ကောင်စီ တပ်သား၁ ဦး ခြေထောက် ကျည်ထိမှန် ဒဏ်ရာရရှိသွားခဲ့ သည်ဟု ယင်းရဲစခန်းနှင့် နီးစပ်သူ ဒေသခံတစ်ဦးက ပြောသည်။

အသက် ၄၅ နှစ်အရွယ် ရွာသားတစ်ဦးက “ပစ်တာကတော့ အပိုင်ကို ပစ်သွားတာပါပဲ။ သေနတ်သံ ဆယ်ချက် လောက် ရှိမယ်။ ဆိုင်ကယ်ရော လူတွေရော လဲနေတာ။ ပြီးမှ ချောင်းပစ်ခံရမှန်းသိတာ။ အလောင်းရော ဒဏ် ရာရသူကိုပါ ထားဝယ်ဘက်ကို အရေးပေါ် လူနာ တင်ကားနဲ့ သယ်သွားပြီ” ဟု ပြောသည်။

သေနတ်ပစ်ခတ်ခံရပြီးနောက် ရဲစခန်းအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်လာကာ အနီးဝန်းကျင်သို့
လက်နက်ကြီး လက်နက်ငယ်များဖြင့် မိနစ်အနည်းငယ် ရမ်းသမ်းပစ်ခတ်ခဲ့ပြီးနောက် နာရေးကူညီမှု ရုံးခန်းအ
နီးရှိ နေအိမ်များနှင့် ထန်းရည်တဲကို မီးရှို့ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦး က ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့မှ ရွာသားများအား ဖမ်းဆီးခဲ့ခြင်းမျိုး မရှိခဲ့သော်လည်း အကြောင်းမဲ့ မီးရှို့ဖျက်စီးခြင်းခံရမှု ကြောင့် နေအိမ် ၂ ဆောင်မှာ မီးလောင်ကျွမ်းခဲ့ပြီး ထန်းရည်တဲတစ်လုံးပါ ပြာကျသွားခဲ့သည်ဟု ဒေသခံ များက ပြောသည်။

ထို့နောက် စစ်ကောင်စီ တပ်ဖွဲ့က ထားဝယ် – ရှင်မော်သွား ကားလမ်းကို ရွာအဝင်အထွက်များတွင် ဂိတ်ချ စစ် ဆေးမှုများ ပြုလုပ်ခဲ့ပြီး ညနေ ၄ နာရီအချိန်ခန့်အထိ ဖြတ်သန်းသွားခွင့်ကိုလည်း ပိတ်ထားဆဲဖြစ်သည် ဟု ဒေသ ခံများ က ပြောသည်။