လွတ်ငြိမ်းဖြင့် လွတ်လာသည့် ဆရာဝန် ထောင်ဝ တွင် ပြန်ဖမ်းခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၈ ရက်။
စစ်ကောင်စီ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသား ဆရာဝန်တစ်ဦး မြိတ်အကျဉ်းထောင် ထောင်ဘူးဝတွင် ပြန်လည်ဖမ်းဆီးခံခဲ့ရသည်ဟု အကျဉ်းဦးစီး တာဝန်ရှိသူများက ပြောသည်။
ပြန်လည် ဖမ်းဆီးခံရသူမှာ ပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် ၃ နှစ်ချခံထားရသည့်် မြိတ်အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား ဒေါက်တာမင်းထက်ပိုင် ဆိုသူဖြစ်ကြောင်း အကျဉ်းဦးစီးတာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောသည်။
အသက် ၅၀ အရွယ် ဆွေမျိုးတော်စပ်သူ အမျိုးသားတစ်ဦး က “လွတ်နိုင်မယ်လို့ ကြားထားရလို့ မိသားစုတွေက မနက်အစောကြီးထဲက သွားစောင့်နေကြရတာ။ လူကုန် သလောက်ဖြစ်လို့ ပါမလာသေးလို့ စုံစမ်းကြည့်မှ နောက်တစ်မှု စွဲထားတာရှိလို့ ဘူးဝက ပြန်ခေါ်သွားတာလို့ သိရတာ” ဟု ပြောသည်။
မြိတ်ပြည်သူ့ ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသည့် ဒေါက်တာ မင်းထက်ပိုင်ကို လူမှုကွန်ယက် ပေါ်တွင် အကြမ်းဖက် လှုံ့ဆော်မှု ဖြစ်ပေါ်အောင် ရေးသားသည်ဟု စွပ်စွဲကာ ပသောင်းကျေးရွာအနီးရှိ ကြေးနန်းတိုင် တံတား စစ်ဆေးရေးဂိတ်တွင် ၂၀၂၁ ခုနှစ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
တနိုင်ငံလုံး အတိုင်းအတာဖြင့် လွတ်မြောက်ခဲ့သူ ၇၀၁၂ ဦး ရှိသည့်အနက် တနင်္သာရီတိုင်းအတွင်း ပြန်လည် လွတ်မြောက်လာသူ ၂၅၃ ဦးရှိခဲ့ပြီး ယင်းတို့အနက် မြိတ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် ၈၂ ဦး ပြန်လွတ်ပေးခဲ့ရာ ဒေါက်တာ မင်းထက်ပိုင်း တစ်ဦးတည်းသည ပြန်လည် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
ဇန္နဝါရီလ ၄ ရက်နေ့က နိုင်ငံတဝှမ်းလုံးရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ ရဲဘက်စခန်း အသီးသီးတွင် အကျဉ်း ကျနေသည့် အကျဉ်းသား၊ အကျဉ်းသူများကို စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်ပေးခဲ့ခြင်း ဖြစ် သည်။
လွတ်ငြိမ်းသက်သာခွင့်ရသူများကို နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ခဲ့ပါက ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ တပေါင်းတည်း ဆက်လက် ကျခံရမည်ဆိုသည့် စည်းကမ်း သတ်မှတ်ချက်ဖြင့် ကတိခံဝန် လက်မှတ်ထိုးခိုင်းကာ ပြန်လွှတ်ပေးခဲ့ခြင်းသာ ဖြစ်သည်ဟု လွတ်မြောက်လာသူများက ပြောသည်။
စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လွှတ်ပေးနေသည်များ ရှိသလို လွှတ်ပေးပြီးမှ ပြန်လည် ဖမ်းဆီးကာ နှစ်ရှည်ထောင်ဒဏ် ချမှတ်နိုင်သည့် ပုဒ်မ အမျိုးမျိုးတပ်၍ ပြန်လည် တရား စွဲဆိုလေ့ ရှိသည်။