အင်းလေး သန်းထောင်ဈေး ပိတ်ထားရ၍ ဈေးသည်များ အခက်ကြုံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၉ ရက်။

တိုက်ပွဲများ၊ စစ်ရေးတင်းမာမှုများ ရှိနေသည့် အင်းလေးဒေသက သန်းထောင်ဈေး ပိတ်သိမ်းထားရခြင်းကြောင့် ဈေးသည်များ စားဝတ်နေရေး ခက်ခဲလာနိုင်သည်ဟု ပြောသည်။

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ သန်းထောင်ကျေးရွာအုပ်စု၊ ဘုရားနီကျေးရွာတွင် အင်းလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် (IPDF) နှင့် စစ်ကောင်စီတပ်တို့ ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်နေ့ ကတည်းက ယနေ့အချိန်ထိ တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် သန်းထောင်ဈေး ပိတ်ထားရခြင်း ဖြစ်သည်ဟု ဈေးသည်များက ပြောသည်။

အင်းလေးဒေသတွင် ၅ ရက် တစ်ဈေးဖြင့် ပုံမှန် ရောင်းချလျက်ရှိရာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၄ ရက်နေ့ တွင် လည်း ဈေးပိတ်ထားရပြီး ဒီဇင်ဘာလ ၉ ရက်နေ့တွင် အလှည့်ကျရောက်မည့် ဈေးနေ့ကိုလည်း ထပ်မံပိတ်ထား ရသောကြောင့် ရေရှည်တွင် စားဝတ်နေရေး ခက်ခဲလာနိုင်သည်ဟု ဈေးသည်များက ပြောသည်။

သန်းထောင်ဈေးတွင် ရောင်းချနေသည့် ဈေးသည်ဒေါ်မြမေက “တစ်ဈေးထဲ ပိတ်ရင်တော့ တစ်မျိုးလေ။ အခု က ပိတ်တာ ၂ ဈေးရှိပြီ။ လာမယ့်ဈေးလည်း ဖွင့်ဖို့ မသေချာဘူး။ ဆိုင်ကြီးတွေကတော့ တောင့်ခံနိုင်တာပေါ့။ ကျမတို့လို ကုန်စိမ်းသည်တွေကျတော့ ဒီနေ့ မရောင်းရရင် နောက် ရက်က ထားလို့မရတော့ဘူး။ ဒီတစ်ဈေး ဖြစ်မယ်ဆိုလို့ ဝယ်လှောင်ထားတာ အခုတော့ အကုန်သွားပြီ” ဟု ပြောသည်။

အင်းလေးဒေသထဲတွင် ၅ ရက် တစ်ဈေး ရောင်းချလျက်ရှိသည့်အထဲတွင် အင်းတောင်ပိုင်းဈေးနှင့် အင်းမြောက် ပိုင်းဈေးဟူ၍ ခွဲထားပြီး စုစုပေါင်း ၁၀ ဈေးရှိသည်ဟု ဒေသခံများက ပြောသည်။ ထို့ကြောင့် အင်းမြောက်ပိုင်း တွင် ကျရောက်သည့် သန်းထောင်ဈေးသည် အင်းတောင်ပိုင်းတွင် တောင်တိုဈေးနှင့် တစ်ရက်တည်းကျသည်ဟု စျေးသည်များက ပြောသည်။

သို့သော်လည်း လတ်တလော ဘုရားနီကျေးရွာတွင် တိုက်ပွဲ ဖြစ်နေခြင်းကြောင့် ပေါင်းပိန်းဂိတ်နှင့် အင်းတိန်ဂိတ် တို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားလမ်းများ ပိတ်ထားဆဲဖြစ်ရာ ဈေးသည်များမှာ တောင်တိုဈေးသို့ သွား ရောက်ရောင်းချရန် မဖြစ်နိုင်သေးဘူးဟု ဒေသခံများက ပြောသည်။

သန်းထောင်ဈေးတွင် ရောင်းချနေသည့် ဟဲယာရွာမကျေးရွာခံ ဈေးသည်အမျိုးသားတစ်ဦးက “၉ ရက်နေ့က လည်း တောင်တိုဈေးလည်း ဖြစ်တော့ဖြစ်ပေမယ့် သွားရောင်းမယ့်သူနည်းတယ်။ လမ်းက ပိတ် ထားတော့ ရေ လမ်းပဲသွားလို့ရမယ်။ ရေလမ်းကသွားတော့လည်း စက်လှေခက ကားခထက် ပိုကုန်ကျတယ်ဆိုတော့ မသွား ဖြစ်ကြပါဘူး။ အိမ်နားက ဝက်သားချဉ်ရောင်းသူတွေလည်း မသွားကြဘူး ပြောတယ်” ဟု ပြောသည်။

သန်းထောင်ဈေးသည်များ အနေဖြင့် လက်ရှိတွင် ဈေးပိတ်ထားသော်လည်း အင်းလေးအနောက်ဘက် ကားလမ်း မကြီးအား ဂိတ်ပြန်ဖွင့်ပေးရန် လိုလားနေကြသည်။ သို့မှသာ ဈေးပိတ်ထားသည့် ရက်များတွင် အင်းတောင်ပိုင်း ဖြစ်သည့် တောင်တိုဈေး၊ နန်းပန်ဈေး၊ မိုင်းပျိုးဈေး စသည့် ဈေးများတွင် သွားရောက် ရောင်းချနိုင်မည် ဖြစ် သည်။

သို့သော် သန်းထောင်ဈေးနှင့် ၇ မိုင်ခန့်သာ ကွာဝေးသည့် ခေါင်တိုင်ဈေးမှာ ဈေးဖွင့်မည်ဟု ကြေညာ ထားသော် လည်း ခေါင်တိုင်ကျေးရွာတွင် စစ်ကောင်စီတပ်က အထိုင်ချထားခြင်းကြောင့် ဈေးသည်များမှာ လုံခြုံရေး အတွက် စိုးရိမ်နေရသည်ဟု ဆိုသည်။