ရဲအုပ်တစ်ဦး ဆိုင်ကယ်မောင်းနှင်နေစဉ် ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၉ ရက်။
ရဲ သတင်းတပ်ဖွဲ့မှ ရဲအုပ်ညီညီဝင်းဆိုသူ ဇန္နဝါရီလ ၉ ရက်နေ့ (ယနေ့) နံနက်ပိုင်းက ပစ်သတ်ခံလိုက်ရပြီး ပစ်ခတ်မှုဖြစ်စဉ်အတွင်း အနီးအနားရှိ ကလေး ငယ်တစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု မြို့ခံများက ပြောသည်။
မွန်ပြည်နယ်၊ ရေးမြို့နယ် လမိုင်းမြို့ ရဲသတင်းတပ်ဖွဲ့မှ ရဲအုပ်ညီညီဝင်းသည် ယန့ နံနက် ၆ နာရီခွဲ အချိန်ခန့်က ဆိုင်ကယ်ဖြင့်သွားနေစဉ် လက်ဝှေ့ရုံ အနီးတွင် အမည်မသိသေနတ်သမား ၂ ဦးက ဆိုင်ကယ်ဖြင့် လာရောက် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရဲအုပ်ညီညီဝင်း ဦးခေါင်း ကျည်ဖေါက်ဝင်ဒဏ်ရာဖြင့် အခင်းဖြစ်ပွားသည့် နေရာတွင်ပင် သေဆုံးခဲ့သည်ဟုလည်း မြို့ခံများက ပြောသည်။
ရဲအုပ်ညီညီဝင်း ပစ်ခတ်ခံရမှု ဖြစ်စဥ်အနီးတွင် ရှိနေသည့် အသက် ၁၃ နှစ်အရွယ် အရပ်သား မိန်းကလေးငယ် တစ်ဦး လည်း ညာဘက်ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့သည်။
မြို့ခံတစ်ဦးက “ရဲအုပ်ကတော့ ဦးခေါင်းမှာ သေနတ်ဒဏ်ရာတွေနဲ့ ဖြစ်တဲ့နေရာမှာပဲ ပွဲချင်းပြီးသေသွားတယ်။ အမျိုးသမီးငယ်လေး တစ်ဦးလည်း ထိသွားတယ်။ သူကတော့ ကလေးပါ ၁၃ နှစ်လောက်ပဲရှိသေးတယ်။ သူက ဖြစ်စဥ် ဖြစ်တဲ့ နေရာအနားမှာ ရှိနေတာလေ။ ဒဏ်ရာတော့ ပြင်းထန်တယ်လို့ ပြောတယ်၊ အခုဆေးရုံကို ပို့ထား တယ်” ဟု ပြောသည်။
ကျည်ဖောက်ဝင် ဒဏ်ရာရရှိသွားသည့် အဆိုပါ အမျိုးသမီးငယ်လေးကို လမိုင်းမြို့ ဆေးရုံမှတဆင့် မော်လမြိုင် ဆေးရုံကြီးသို့ လူမှုကယ်ဆယ်ရေးအဖွဲ့များ၏ အကူအညီဖြင့် ပို့ဆောင်ခဲ့ပြီး လက်ရှိတွင် အရေးပေါ် ဆေးကုသမှု ခံယူနေရသည်ဟု နီးစပ်သူများက ပြောသည်။
ရဲအုပ်ညီညီဝင်းကို ၎င်းတို့အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရေးပြောက်ကျားအဖွဲ့ (YGF) က ထုတ်ပြန်ထား သည်။ ရဲအုပ်ကို ပစ်ခတ်ရှင်းလင်းစဥ် အရပ်သားအမျိုးသမီးတစ်ဦးပါ ထိခိုက်သွားသည့်အပေါ် စိတ်မကောင်း ကြောင်းနှင့် အနူးအညွတ်တောင်းပန်ကြောင်းလည်း ရေးပြောက်ကျားအဖွဲ့ (YGF) က ထုတ်ပြန်ထားသည်။
အဆိုပါ ပစ်ခတ်မှုဖြစ်စဥ်ဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ပိတ်ဆို့စစ်ဆေးမှုများ လုပ် ဆောင်ခဲ့ကာ ရဲအုပ်ညီညီဝင်း၏ ရုပ်အလောင်းကို သယ်ဆောင်သွားခဲ့ကြသည်ဟု မြို့ခံများက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင်လည်း လမိုင်းမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင် ကျော်မင်း ဆိုသူကိုလည်း ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ရေးမြို့နယ်တွင်းရှိ စစ်ကောင်စီ လက်အောက်ခံ စစ်တပ်၊ ရဲနှင့် အစိုးရ ဝန် ထမ်းများကို ဒေသတွင်း လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ ရှိ သည်။
ထို့အပြင် စစ်ကောင်စီတပ် စခန်းနေရာများ၊ ဂိတ်များနှင့် ဌာနဆိုင်ရာရုံးများကိုလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ များက ဝင်ရောက်တိုက်ခိုက်လေ့ရှိပြီး ထိခိုက်သေဆုံးမှုလည်း ရှိခဲ့သည်။