ရေဖြူမှ အုပ်ချုပ်ရေးမှူး တစ်ဦး သေနတ်ပစ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁၂ ရက်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ ပျူစောထီး ခေါင်းဆောင်တစ်ဦးလည်းဖြစ်သူ အမျိုးသား တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရသည်ဟု ဒေသခံများက ပြောသည်။
ပစ်ခတ်ခံရသူမှာ ရေဖြူမြို့နယ်၊ ပိတောက်ကုန်းကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်း အသက် ၄၅ နှစ်သည် ဇန္နဝါရီလ ၁၀ ရက်နေ့ နေ့လည်ပိုင်းက နေအိမ်၌ ရှိနေကြစဉ် လူ ၅ ဦးက သေနတ်ဖြင့် လာပစ်ခတ်ခဲ့ သဖြင့် တင်ပါးတွင် ကျည်ထိမှန် ဒဏ်ရာရရှိသွားခဲ့ခြင်း ဖြစ်သည်။
အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးက “သူက ဒီရွာဇာတိတော့မဟုတ်ဘူး၊ ပိတောက်ကုန်းသူနဲ့ အိမ်ထောင်ကြ ပြီး အခြေချနေတာကြာပြီ။ ရွာမှာအခု မဲစာရင်းတွေ လိုက်ကောက်ရာမှာ သူ့သမီးလည်းပါနေတယ်” ဟု
ပြောသည်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တစ်ဦးဖြစ်သူ ဦးကျော်ဝင်းသည် NLD အစိုးရ လက်ထက်ကလည်း ပိတောက် ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး လုပ်ခဲ့သူဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ယင်းပစ်ခတ်မှုကို ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – YPPDF က သွားရောက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည် ဟု ဇန္နဝါရီလ ၁၂ ရက်နေ့ ညပိုင်းက သတင်းထုတ်ပြန်ထားသည်။
ဦးကျော်ဝင်းသည် ကျေးရွာအတွင်း ဆက်ကြေးကောက်ခြင်း၊ ပြည်သူများအား ခြိမ်းခြောက်ခြင်း၊ စစ်ကောင်စီ၏ ဖမ်းဆီးမှုများတွင် ကိုယ်တိုင်ပါဝင် ကူညီပေးခြင်း၊ လက်နက်ကိုင်ဆောင်ထားသူဖြစ်ခြင်း နှင့် တရားမဝင် ရွေးကောက်ပွဲ အတွက် ပူးပေါင်းပါဝင်မှုများ ပြုလုပ်နေခြင်းများကြောင့် ယခုကဲ့သို့ ဆောင်ရွက်ခဲ့ရခြင်းဖြစ်သည် ဟု ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သွားရောက်ပစ်ခတ်စဉ် စစ်ကောင်စီက ပေးအပ်ထားသည့် သေနတ်ဖြင့် ပြန် လည်ပစ်ခတ်ခဲ့ကာ ဒဏ်ရာဖြင့် ထွက်ပြေးသွားခဲ့ပြီး PDF အဖွဲ့များမှ အထိအခိုက်မရှိဘဲ ပြန်လည် ဆုတ်ခွာ လာ နိုင်ခဲ့သည်ဟု ရေးသားထားသည်။