ကလေး ပြန်ပေးမှုများကြောင့် မူဆယ်မိခင်များ စိုးရိမ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁၃ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ် မြို့ဖြစ်သည့် မူဆယ်မြို့တွင် ကလေးများကို ပစ်မှတ်ထားပြီး ပြန်ပေးဆွဲခြင်းများ မကြာခဏ ဖြစ်ပွားနေသည့်အတွက် မိဘများက စိုးရိမ်နေကြသည်။
ဇန္နဝါရီလ ၁၀ ရက်နေ့၊ နံနက်ပိုင်း ၅ နာရီခွဲ အချိန်ခန့်တွင် မူဆယ်စျေးရပ်ကွက်ဘက်က အသက် (၁၃) နှစ်အရွယ် အမျိုးသမီး ကလေးငယ်လေးတစ်ဦး ပြန်ပေးဆွဲခံရသည်ဟု မြို့ခံများက ပြောသည်။
မူဆယ်မြို့ခံ အမျိုးသမီးတစ်ဦးက “ကျမသိရသလောက်က စျေးမှာ ခေါက်ဆွဲဖွင့်နေတဲ့ အစ်မတစ်ယောက်က သူ ကိုယ်တိုင် ကလေးဖမ်းသွားတဲ့ချိန် မြင်လိုက်တယ်။ သူပြောတာကတော့ အဲဒီကလေးကို ဖမ်းတဲ့သူတွေက သူတို့ အိမ်နားမှာ သွားသွားလာလာ လုပ်နေတာ တစ်ပတ်လောက်ရှိပြီ။ သူ့အမေထင်တာက သူ့သမီးရဲ့ ဆိုင်ကယ်ကို လု ချင်တာပေါ့။ သူ့အမေက ဆိုင်ကယ်ကို သိမ်းလိုက်တာ။ သူကိုယ်တိုင် သူ့သမီးကို ပို့တာ။ အဲနေ့က သူ့အမေ ဆိုင် ကယ်ထုတ်နေအချိန် သမီးက ဝင်းတံခါးပေါက်နားင ရပ်စောင့်ထားနေချိန်ပဲ ကားနဲ့သူ့သမီးကို ဖမ်းသွားတယ်” ဟု ပြောသည်။
ကလေးကို ဖမ်းဆီးခေါ်ဆောင်သွားချိန်တွင် ကလေးမိခင်နှင့် ခေါက်ဆွဲဆိုင်ပိုင်ရှင်က နောက်ကနေ ဆိုင်ကယ်ဖြင့် လိုက်သွားသော်လည်း လုံးဝ လိုက်မမှီလိုက် ဟု အဆိုပါ မြို့ခံအမျိုးသမီးက ဆက်ပြောသည်။ မူဆယ်မြို့နယ် အတွင်း ကလေးကို ပြန်ပေးဆွဲခြင်းမှာ ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်သည်ဟု ဆိုသည်။
ပထမဆုံးအကြိမ် ကလေးပြန်ပေးဆွဲခံရသည်မှာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့က မူဆယ်မြို့ ခရစ္စ ယာန်ရပ်ကွက်တွင် အသက် (၇) နှစ် အရွယ် ကလေးငယ်တစ်ဦးက ပြန်ပေးဆွဲခံရပြီး တရုတ်ငွေ ယွန်း ၅ သိန်းနှင့် ပြန်ရွေးခဲ့ရခြင်း ဖြစ်သည်။
မူဆယ်မြို့က ကလေးဖခင်တစ်ဦးက “ကလေးတွေ ပြန်ပေးဆွဲခံရတာ အဓိက တရုတ်ကလေးတွေ ဖြစ်နေတယ်။ ပိုက်ဆံရှိနိုင်တဲ့ မိဘရဲ့ ကလေးတွေကို ပြန်ပေးဆွဲတာ။ အခုက ကလေးတွေ ကျောင်းပို့တာတောင် အရင်လို တစ် ယောက်ထဲ မသွားခိုင်းတော့ဘူး။ မိဘတွေ ကိုယ်တိုင်ပို့ကြတယ်။ ကလေးတွေ ပြန်ပေးဆွဲခံရမှာ အရမ်း ကြောက်တယ်” ဟု ပြောသည်။
ယခုကဲ့သို့ ကလေးများ ပြန်ပေးဆွဲခံရသည့် အဖြစ်အပျက်များ မကြာခဏဆိုသလို ဖြစ်ပွားနေသော်လည်း ယနေ့အချိန်ထိ မည့်သည့်အဖွဲ့အစည်း မည်သူမည်ဝါက လုပ်ဆောင်နေသူကို မသိရသေးသလို ဒေသခံအာဏာပိုင်များ၊ ရဲတပ်ဖွဲ့ဝင်များကလည်း ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိသေးသည့်အပြင် အစအနပင် စုံစမ်းဖော်ထုတ်နိုင်ခြင်း မရှိသေးဘူးဟု မြို့ခံများက ဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မူဆယ်မြို့နယ်သည်လည်း အခြားသော မြို့နယ်များကဲ့သို့ ကုန်စျေးနှုန်း များ အဆမတန်မြင့်တက်လာပြီး လောင်းကစားဝိုင်းများလည်း များလာခြင်းကြောင့် သူခိုး၊ ဓားပြများ ပိုများ လာကာ ဒုစရိုက်မှုများ ပိုပိုများလာသည်ဟု ပြောသည်။
ကလေးငယ်များ ပြန်ပေးဆွဲခံရသည့် ဖြစ်စဉ်များမှာ မူဆယ်မြို့တွင်သာမကပဲ ကွတ်ခိုင်မြို့၊ အမှတ် ၆ ရပ်ကွက် တွင်လည်း ၂၀၂၂ ခုနှစ်၊ မတ်လအတွင်း ကြိမ်ဖြစ်ပွားခဲ့သေးသည်။ အဆိုပါ ဖြစ်စဉ်တွင် အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး ပြန်ပေးဆွဲခံရပြီး ကလေးမိဘများကို ပိုက်ဆုံနှင့် ပြန်ရွေးခိုင်းခဲ့သော်လည်း ကလေးကို ကွတ်ခိုင်မြို့ရှိ တရုတ်သင်္ချိုင်းတွင် အလောင်းသာ ပြန်တွေ့ခဲ့ခြင်း ဖြစ်သည်။
ရှမ်းပြည်နယ် မြောက်ပိုင်းရှိ၊ လားရှိုး၊ သီပေါ၊ ကွတ်ခိုင်၊ မူဆယ်မြို့နယ်များတွင် စစ်တပ်က အာဏာသိမ်းပြီး နောက် ကလေးငယ်များ ပြန်ပေးဆွဲခံရသည့် ဖြစ်စဉ်များအပြင်၊ လုယက်မှု၊ သူခိုး၊ ဓါးပြများ၊ နေအိမ်များအတွင်း ဝင်ရောက် စီးနင်းလုယက်မှုများအပြင် ပစ်ခတ်မှု၊ လူသတ်မှု၊ ပိုင်ရှင်မဲ့အလောင်းတွေ့ရှိမှုများ မကြာခဏ ဖြစ်ပွား နေသည်ဟု မြို့ခံများက ပြောသည်။