အင်းတော်ကြီးတွင် အရပ်သားများကို လူသားဒိုင်းအဖြစ် ဖမ်းထား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁၃ ရက်။
ကချင်ပြည်နယ် အင်းတော်ကြီးဒေသအတွင်းရှိ ပြည်သူ အယောက် ၂၀ ခန့်ကို စစ်တပ်က လူသားဒိုင်းကာ အဖြစ် ဖမ်းဆီးထားသည် ဟု ဒေသခံများက ပြောသည်။
မိုးညှင်ခရိုင်၊ အင်းတော်ကြီးဒေသအတွင်းရှိ မိုင်းနောင်ကျေးရွာက ရွှေတူးဖော်နေသူ ဒေသခံများ အချို့ကို စစ်တပ် က ဖမ်းဆီးသွားခြင်း ဖြစ်သည်။
“အခုလောလောဆယ်တော့ အယောက် ၂၀ လောက်ရှိတယ်။ တောင်ပတ်လမ်းက တင်ကောက်ချောင်းဘက်ကို စစ်ကြောင်းထိုးတာ။ အဲ့ဒီမှာ ထိုးတဲ့အချိန် ရွာထဲက ရွှေလုပ်ငန်းရှင် ဦးမျိုးလှိုင်က ကလေးသုံးယောက်ကို သူ့ ကျင်းမှာ စက်တွေဘာတွေတင်၊ ထမ်းဖို့ ခေါ်သွားတာ။ အဲ့လိုခေါ်သွားတော့ လမ်းမှာ စစ်ကြောင်းနဲ့တွေ့ပြီး လူ သားဒိုင်းအဖြစ် အဲ့ဒါ ဖမ်းသွားတာ” ဟု ဒေသခံများက ပြောသည်။
ဇန္နဝါရီလ ၁၁ ရက်နေ့၊ နံနက် ၈ နာရီအချိန်ခန့်တွင် မိုင်းနောင်ကျေးရွာတောင်ဘက်ရှိ ဒေသအခေါ် တောင်ပတ် လမ်း၊ တင်ကောက်ချောင်းနှင့် မြေနီကုန်းဖက်သို့ စစ်ကြောင်းထိုးလာသော အင်အား ၁၀၀ နီးပါးရှိသည့် စစ် ကောင်စီ စစ်ကြောင်းက ဒေသခံရွာသားများကို ဖမ်းဆီးထားခြင်း ဖြစ်သည်။
မိုင်းနောင်ကျေးရွာမှ တောထဲသို့ ထင်းခွေသွားသူများ၊ ရွှေမှော်များက နေ့စား လုပ်သားများနှင့် ရွှေမျောတခုတွင် စက်ပစ္စည်းထမ်းရန်သွားသည့် လူငယ် ၄ ဦးတို့အား အင်အား ၁၀၀ နီးပါးရှိသည့် စစ်ကောင်စီ တပ်မ ၃၃ စစ် ကြောင်း လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“အဲ့ဒါပြီးမှ တောထဲကထွက်လာတဲ့ ရွှေတူးတဲ့ နေ့စားသမားတွေရော၊ တောထဲ ထင်းခွေပြီး ပြန်လာတဲ့သူတွေ ရော ဖမ်းသွားတာ။ မိုင်းနောင်ရွာအစွန် တောစပ်နားက အိမ်နှစ်လုံးမှာ သူတို့ခေါ်လာတဲ့လူတွေ အကုန်လုံးကို သူတို့တပ် တွေရော အကုန်လုံး အဲ့ဒီအထဲမှာ နေနေကြတယ်ဗျ။”
လူသားဒိုင်းကာ အဖြစ် ဖမ်းဆီးခံထားရသူ ရွာသား အယောက် ၂၀ နီးပါးခန့်ပြီး ယနေ့အချိန်ထိ ၎င်းတို့အား
မိုင်းနောင်ကျေးရွာ အစွန်ရှိ နေအိမ်ပါ ခြံဝန်းနှစ်ခုထဲတွင် ဖမ်းဆီးထားသည်ဟု ဆိုသည်။
ထိုသို့ ဖမ်းဆီးသွားသည့် နေ့ (ဇန္နဝါရီလ ၁၁) ရက်နေ့က မွန်းလွှဲ ၂ နာရီ အချိန်ခန့်တွင်လည်း ၎င်းတို့ ဖမ်းဆီးထား သော ရွာသားများအား အကာအကွယ် လူသားဒိုင်းအဖြစ်ထားပြီး လက်နက်ကြီးများဖြင့် မိုင်းနောင်ကျေးရွာ ပတ်လည်ရှိ တောစပ်နေရာများထဲသို့ လက်နက်ကြီးဖြင့် ၁၀ လုံးခန့် ပစ်ခတ်ခဲ့သည်ဟု ရွာသားများက ပြောသည်။
ထိုသို့ ပစ်ခတ်နေမှုများကြောင့် မိုင်းနောင်ရွာသားများ စိုးရိမ်ထိတ်လန့်နေကြပြီး ဖမ်းဆီးခံထားရသူများ အတွက် လည်း အသက်အန္တရာယ်ထိခိုက်မည်ကို စိုးရိမ်သည်ဟု ပြောသည်။
အင်းတော်ကြီးဒေသသည် စစ်ကောင်စီအပြင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ကချင်ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ KPDF များ သွားလာလှုပ်ရှားမှု ရှိသည့်ဒေသဖြစ်ပြီး နှစ်ဖက်ကြားလည်း မကြာခဏ ထိတွေ့ တိုက်ပွဲ များ ဖြစ်ပွားလျှက်ရှိသည်။