ရေးမြို့တွင် ဒု-ရဲမှူး တစ်ဦး မိုင်းခွဲ တိုက်ခိုက်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁၅ ရက်။
မွန်ပြည်နယ်၊ ရေးမြို့တွင် ဒု-ရဲမှူးတစ်ဦး မိုင်းခွဲတိုက်ခိုက်ခံရသည်ဟု ဒေသခံများက ပြောသည်။
ရေးခရိုင် ဒုစရိုက်နှိမ်နင်းရေးခေါင်းဆောင် ဒု-ရဲမှူး လှိုင်မင်းသန့်ဆိုသူကို ဇန္နဝါရီလ ၁၁ ရက်နေ့ ည ၈ နာရီ အချိန် ခန့်က အောင်သုခရပ်ကွက်၊ အုန်းတောအစုတွင် မိုင်းဖြင့် ဖောက်ခွဲကာ တိုက်ခိုက်ခဲ့သည်ဟု ရေးပြောက်ကျားတပ်ဖွဲ့ (YGF) က ထုတ်ပြန်ထားသည်။
ဒု-ရဲမှူးလှိုင်မင်းသန့်သည် အောင်သုခရပ်ကွက်၊ အုန်းတောအစုသို့ ရောက်လာတတ်ကြောင်း သတင်းအရ စောင့် ဆိုင်းပြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု YGF အဖွဲ့က ဆိုသည်။
ရေးပြောက်ကျားတပ်ဖွဲ့ (YGF) က “ပြည်သူတွေကို လက်နက်ပြ၊ အနိုင်အကျင့်၊ ခြိမ်းခြောက်ငွေညှစ်ပြီး ဗိုလ်ကျ နေတဲ့ ဒုစရိုက်နှိမ်နင်းရေးခေါင်းဆောင် ဒုရဲမှူး လှိုင်မင်းသန့်ကို မိုင်းနဲ့ ဖောက်ခွဲခဲ့တယ်” ဟု ပြောသည်။
မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရမှုကြောင့် ဒု-ရဲမှူး လှိုင်မင်းသန့် သေဆုံးသွားသည် ဟု ရေးပြောက်ကျားတပ်ဖွဲ့ (YGF) က ထုတ်ပြန်ထားသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။
မြို့ခံတစ်ဦးက “ဖြစ်တာက ညပိုင်းဆိုတော ဘယ်သူမှလည်း အတိအကျမသိဘူး။ တချို့က သေတယ်ပြော တယ်။ တချို့ကလည်း ဒဏ်ရာရတာလောက်ပဲဖြစ်သွားတယ်လို့လည်း ပြောနေတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဇန္နဝါရီလ ၉ ရက်နေ့တွင်လည်း လမိုင်းမြို့က စစ်ကောင်စီ ရဲသတင်းတပ်ဖွဲ့မှ ရဲအုပ်ညီညီဝင်း ဆိုသူကို ရေးပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။
ထို့အပြင် ဇန္နဝါရီလ ၁၁ ရက်နေ့က နှစ်ကရင်ကျေးရွာ ရဲစခန်းကို ရေးပြောက်ကျားတပ်ဖွဲ့က ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ကြိုးတံတားကျေးရွာရှိ စစ်ကောင်စီစခန်းကိုလည်း လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ရေးမြို့နယ်အတွင်း လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များထဲက တစ်ခုဖြစ်သည့် ရေးပြောက်ကျား တပ် ဖွဲ့သည် စစ်ကောင်စီ လက်အောက်ခံ ရဲစခန် တပ်စခန်းများနှင့် စစ်ကောင်စီထောက်တိုင် ဌာနဆိုင်ရုံးများကို မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ ရှိသည်။
၎င်းပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အရပ်သားဝန်ထမ်းတွေ အုပ်ချုပ်ရေးမှူးတွေနှင့် ဒလန်ဆိုပြီး သတ်မှတ်ခံရသူ များကိုလည်း မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ ရှိသည်။