ပစ်သတ်ခံရသည့် အုပ်ချုပ်ရေးမှူးဟောင်းမှာ ပျူစောထီးမဟုတ်ကြောင်း ဒေသခံများက ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁၅ ရက်။

နဘူးလယ်ဒေသက ပစ်သတ်ခံလိုက်ရသည့် အုပ်ချုပ်ရေးမှူးဟောင်းသည် ပျူစောထီးအဖွဲ့ဝင် မဟုတ်ကြောင်း
ဒေသခံများက ပြောသည်။

ပြီးခဲ့သည် NLD အစိုးရ လက်ထက် ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘူးလယ်ဒေသ၊ လဲရှောင်ကျေးရွာ၊ အုပ်ချုပ် ရေးမှူးဟောင်း ဖြစ်သည့် ဦးစိုးသိန်း အသက် ၅၅ နှစ်ကို စစ်တပ်မှ တာဝန်ပေးထားသည့် ပျူစောထီးခေါင်းဆောင် တစ်ဦးဖြစ်သည်ဟု ဆိုကာ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – TPDF က ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ် သည်။

လဲရှောင်ရွာသား အသက် ၅၀ ခန့်အရွယ် အမျိုးသားတစ်ဦးက “အိမ်အပြင် ခေါ်ထုတ် ထိုင်ခိုင်းပြီး ခေါင်းကို ပစ် သွားတာ။ နဖူးမှာ ဒဏ်ရာနှစ်ချက်တွေ့ရတယ်” ဟု ပြောသည်။

ဦးစိုးသိန်းအား ပစ်ခတ်ရှင်းလင်းမှုကို ဇန္နဝါရီလ ၁၁ ရက်နေ့၊ မွန်းလွဲ ၃ နာရီခွဲ အချိန်ခန့်က ယင်းကျေးကျေးရွာ ဘိ လိယက်ခုံ တစ်ခုမှာ ၎င်းတို့လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ထိုနေ့ညပိုင်းမှာပင် TPDF အဖွဲ့၏ လူမှုကွန်ရက် စာ မျက်နှာတွင် ၁၃ စက္ကန့်ကြာ ရုပ်သံဗွီဒီယိုဖိုင်တခုနှင့် အတူ ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်များနှင့် ပတ်သက်၍ နဘုလယ်ဒေသခံများက ဦးစိုးသိန်းသည် ပျူစောထီး တစ်ဦး ဆိုသည် မှာ မဟုတ်မှန်ကြောင်း ငြင်းဆိုနေကြသည်။

သေဆုံးသူမှာ ထားဝယ်ဇာတိဖြစ်ပြီး လဲရှောင်ရွာသူနှင့် အိမ်ထောင်ကျကာ ယင်းကျေးရွာတွင် အခြေချ နေထိုင်ခဲ့ ခြင်း ဖြစ်ကြောင်းနှင့် အလောင်းကို နေအိမ်မှာပင် မိသားစုဝင်များက နာရေးပြုလုပ်ပေးနေသည်ဟု ဒေသခံများ က ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးမှုး အလုပ် ဆက်လုပ်ခြင်းမပြုဘဲ နုတ်ထွက်ထားသူ ဖြစ်ကြောင်း
ရပ်ရွာသာရေးနာရေး ကိစ္စရပ်များတွင် အားတက်သရော ကူညီလုပ်ဆောင်ပေးလေ့ရှိပြီး ဥယျာဉ်ခြံလုပ်ငန်းနှင့် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသူ တစ်ယောက်သာဖြစ်သည်ဟု ဒေသခံများက ပြောသည်။

သေဆုံးသွားသူ ဦးစိုးသိန်းသည် ရပ်ရွာအပေါ် မည်သည့်အကြောင်းနှင့်မျှ ဒုက္ခပေးခဲ့ခြင်းမျိုး မရှိခဲ့ကြောင်းနှင့် တစ်စုံတစ်ယောက်မှ ပုဂ္ဂိုလ်ရေးကိစ္စကြောင့် မကြေနပ်ချက်နှင့် သတင်းမှားပေးပို့ခြင်းသာ ဖြစ်နိုင်ပြီး ပြုလုပ်ခဲ့ သည့် အဖွဲ့မှ ရရှိသည့် သတင်းအပေါ် စိစစ်မှုမရှိခဲ့ခြင်းမျိုး ဖြစ်နိုင်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ဦးစိုးသိန်းသည် ပျူစောထီး ခေါင်းဆောင်ဖြစ်ပြီး စစ်ကောင်စီထံ သတင်းပေးနေသူဖြစ်ကာ ထား၀ယ်မြို့ပေါ် တွင်လည်း သူကြောင့် ထွက်ပြေးတိမ်းနေရသူ အများအပြားရှိနေခဲ့ပြီး စစ်ကောင်စီ၏ စစ်ကြောင်းများတွင်လည်း ကိုယ်တိုင်ပါ၀င် လမ်းပြပေးနေခြင်းများကို သက်သေအထောက်အထားများ ရရှိထားသည်ဟု TPDF အဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြထားသည်။

အထက်ပါ အခြေအနေများနှင့် ပတ်သက်၍ နယ်မြေခံ အချို့က တိုင်ကြားမှုများ ရှိနေခဲ့ခြင်းကြောင့် ယခုကဲ့သို့ ပစ်ခတ်ရှင်းလင်း ခဲ့ရခြင်းသာ ဖြစ်သည်ဟု PDFအဖွဲ့က ပြန်လည် ငြင်းဆိုထားသည်။

ဓါတ်ပုံ – ပစ်သတ်ခံရသူ ဦးစိုးသိန်း