ဗုံးပေါက်ကွဲ သဖြင့် မင်္ဂလာပွဲပျက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁၅ ရက်။
ရေဖြူမြို့နယ်အတွင်းက ကျေးရွာမင်္ဂလာဆောင်ပွဲတစ်ခုတွင် ဗုံးပေါက်ကွဲမှုကြောင့် လူ ၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး မင်္ဂလာပွဲပျက်သွားသည်ဟု ဒေသခံများက ပြောသည်။
ဇန္နဝါရီလ ၁၂ ရက်နေ့၊ နံနက် ၉နာရီအချိန်ခန့်က ရေဖြူမြို့နယ် နတ်တွင်းကျေးရွာမှ ဦးကျော်အောင်၏ နေအိမ် ခြံဝင်းအတွင်း ပြုလုပ်ခဲ့သည့် ကိုဇော်ဝင်းနိုင်၊ မသက်သက်မိုးတို့၏ မင်္ဂလာပွဲ ဧည့်ခံကျွေးမွေးနေစဉ် မဏ္ဍပ် အဝင်ဝရှိ လက်ဖွဲ့ရေးသည့်နေရာ၌ ဗုံးထ၍ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
ဧည့်ခံရာတွင် ကူညီပါဝင်ခဲ့သူ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက “ဧည်သည်တွေ အရမ်းများနေတဲ့ အချိန်မှာ ဂျိမ်း ဆိုပြီး ထပေါက်ကွဲတာ။ ကြီးကြီးမားမား ဒဏ်ရာရသွားတဲ့ သူတော့ မရှိပါဘူး။ ကြောက်လန့်ပြီး လူတွေရုတ်ရုတ်သဲသဲ ဖြစ်ပြီး ပြေးလွှားကြတာ။ ပွဲပျက်သွားတာပေါ့” ဟု ပြောသည်။
ထိုသို့ ပေါက်ကွဲမှုကြောင့် လူ ၄ ဦးမှာ ဒဏ်ရာများရရှိခဲ့သည်။ အလားတူ စိုးရိမ်ကြောက်လန့်ကာ ထွက်ပြေးကြ သည့် အတွက်ကြောင့် ချော်လဲတိုက်မိ၍ ထိခိုက်သူ အနည်းအကျဉ်းလည်း ရှိသည်ဟု ဒေသခံများက ဆိုသည်။
ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့ – LLPDF အပါအဝင် ဒေသ အခြေ စိုက် PDF တပ်ဖွဲ့ အသီးသီးကလည်း ပြည်သူများ ထိခိုက်နစ်နာစေမည့် လုပ်ရပ်မျိုးများကို ၎င်းတို့က လုပ်ဆောင် မည် မဟုတ်ဘဲ ယခုဖြစ်စဉ်ကိုလည်း အပြင်းအထန် ကန့်ကွက်ရှုတ်ချပါကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အပေါ် ပျူစောထီး အဖွဲ့ဝင်များကသာ ပြည်သူများ ထင်ယောင်ထင် မှား ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဖောက်ခွဲမှုကို လုပ်ကြံဖန်တီးခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဖေါ်ပြခဲ့ပြီး ပြည်သူများ အနေဖြင့် စစ်ရေးသတိ အမြဲရှိနေကြပါရန် နှင့် လူစုလူဝေး ပွဲလမ်းသဘင်များကို ရှောင်ရှားသွား လာကြရန် ထုတ် ပြန်ချက်ထဲတွင် အသိပေး ရေးသားထားသည်။
အလားတူ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင်လည်း လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာ အရှေ့ပိုင်းတွင် ပြုလုပ်ခဲ့သည့် မင်္ဂလာဆောင်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အဆိုပါ ပေါက်ကွဲမှုကြောင့် လူ ၁၅ ဦးခန့် ထိခိုက် ဒဏ်ရာများ ရရှိခဲ့သေးသည်။