ဆိုင်ကယ်မရပ်သည့် လူငယ် တစ်ဦးကို စစ်တပ်က သေနတ်ဖြင့် ပစ်သဖြင့် သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁၆ ရက်။

တာပွန်စစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်ရပ်မပေးဟု ဆိုကာ လူငယ်တစ်ဦးကို စစ်ကောင်စီက သေနတ်ဖြင့် ပစ်ခတ်လိုက်ရာမှ သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ တာပွန်ကျေးရွာထိပ်ရှိ စစ်ဆေးရေးဂိတ်ကို ဖြတ်သွားသည့် တက္ကသိုလ် ကျောင်းသား တစ်ဦးကို ဆိုင်ကယ်ရပ်မပေးဟု ဆိုကာ စစ်ကောင်စီတပ်သားများနှင့်ရဲတပ်ဖွဲ့ဝင်တို့၏ ပစ်ခတ်မှု ကြောင့် ဦးခေါင်းနောက်စေ့ ကျည်ထိမှန်ပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်။

တာပွန်ကျေးရွာနေ မျက်မြင်တွေ့ရှိသူ ပြည်သူတစ်ဦး က ”ကလေးကို ပစ်သတ်ပြီးမှ အသင့်ဆောင်ထားတဲ့ ဗုံး တွေနဲ့ တွဲပြီး ဓါတ်ပုံမှတ်တမ်းတင်ပြီးမှ အလောင်းကို ဆေးရုံပို့တယ်။ တော်တော် အောက်တန်းကျ ယုတ်မာတယ်” ဟု ပြောသည်။

ဇန္နဝါရီလ ၁၄ ရက်နေ့၊ မွန်းလွဲပိုင်း အချိန်တွင် ပစ်ခတ်ခံလိုက်ရခြင်း ဖြစ်သည်။

ပစ်ခတ်ခံခဲ့ရသူသည် သရက်ကုန်းကျေးရွာသား တက္ကသိုလ် ဒုတိယနှစ် ကျောင်းတက်နေရာမှ ထွက်ပြီး အရပ် ဘက် ငွေချေးဌာနတစ်ခုတွင် အလုပ်လုပ်နေသည့် ကိုဝင်းဇော်ထွန်း အသက် ၂၃နှစ် ဆိုသူ ဖြစ်သည်။

သရက်ကုန်းကျေးရွာမှ နတ်တလင်းမြို့ကို အသွား တာပွန်စစ်ဆေးရေးဂိတ်ကို ဖြတ်စဉ်မှာ သက်တမ်းတိုးထား၍ ဆိုင်ကယ်လိုင်စင် မရှိသေးသည့်အတွက် အဖမ်းခံရမှာကို ကြောက်ပြီး မရပ်ဘဲ ဖြတ်မောင်းသွားစဉ် ပစ်ခတ်ခံရ ခြင်း ဖြစ်သည်ဟု ဒေသခံရွာသားများက ပြောသည်။

ကိုဝင်းဇော်ကို ပစ်ခတ်သူသည် တိုက်ပွဲတွင် သေနတ်ဒဏ်ရာရ၍ ခြေထောက်တဖက်မသန်သည့် စစ်ကောင်စီ လက်အောက်ခံ တပ်သား ကျော်မင်းဆိုသူ ဖြစ်ပြီး ၄ ချက် ဆက်တိုက်ပစ်ခတ်ခဲ့သည်ဟု အဆိုပါ ဂိတ်နှင့် နီးစပ်သူ အချို့၏ ပြောပြချက်အရ သိရသည်။

တာပွန်ရဲစခန်းသည် နေ့ညမရွေး ဆိုင်ကယ် ဖမ်းဆီးမှုများ ပြုလုပ်နေပြီး တစ်စီးကို ငွေကျပ်နှစ်သိန်းနှင့် ရွေးခိုင်း ၍ မရွေးနိုင်လျှင် ထောင်ဒဏ် တစ်လကျခံရခြင်းတို့ကြောင့် ဒေသခံများက ဆိုင်ကယ် အဖမ်းခံရမှာ ကြောက်လန့် ရသည့် ဂိတ်တစ်ဂိတ်ဖြစ်သည်ဟု ဆိုသည်။

တာပွန်ဂိတ်မှာ ဆိုင်ကယ်ဆင်းတွန်းရသည့် အစဉ်လာမရှိခဲ့ခြင်းကြောင့် ပစ်ချင်ပါက ပစ်ခွင့်ပေးသကဲ့သို့ ဖြစ်နေ သည်ဟု ဒေသခံများက ဆိုသည်။

စစ်တပ်၏ ထုတ်ပြန်ချက်ထဲတွင် ဆူဇကီးစမတ် 125 အဖြူရောင် စီးနင်းလာသူအား ရပ်တန့်ခိုင်းရာမှ ရပ်မပေး သဖြင့် စစ်ကောင်စီ လက်အောက်ခံ ခမရ ၁၀ မှ တပ်သားတဦးက ခြောက်လှန့် ပစ်ခတ်ရာမှ နောက်စေ့ ထိမှန်ပြီး သေဆုံးသွားကြောင်းနှင့် သေနတ်ထိမှန် သေဆုံးသွားသူ၏ ဆိုင်ကယ် တူးဘောက်ထဲမှ စက္ကူပုံးနှင့် ထည့်ထား သော လက်လုပ်မိုင်းတလုံး သိမ်းဆည်းရမိသည် ဟု ဝါဒဖြန့်ဖော်ပြထားသည်။