လဝက ရုံးကို အဝေးထိန်း ဗုံးဖြင့် တိုက်ခိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁၆ ရက်။

ရွေးကောက်ပွဲ လူစာရင်း ကောက်ခံနေသော လူဝင်မှု ကြီးကြပ်ရေး ရုံး ၂ ရုံးကို အဝေးထိန်း စနစ်တပ်ဆင်ထားသည့် ဗုံးများဖြင့် တိုက်ခိုက်ခဲ့သည်ဟု မင်းတုန်း-ကံမ ပူးပေါင်း PDF လင်းယုန်တပ်ဖွဲ့က ပြောသည်။

မကွေးတိုင်း ဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်ရှိ လဝကရုံးကို ဇန္နဝါရီလ ၁၄ ရက်နေ့၊ နံနက် ၄ နာရီ ၅ မိနစ်အချိန်တွင် တစ်ကြိမ်၊ ၄ နာရီ မိနစ် ၂၀ အချိန်ခန့်တွင် တကြိမ် စုစုပေါင်း ၂ ကြိမ် ဆက်တိုက် ဗုံးခွဲတိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဇန္နဝါရီလ ၁၄ ရက်နေ့ ကြေညာချက်ထုတ်ပြန်ထားသည်။

ဖက်ဆစ်စစ်တပ်၏ တရားမဝင် ရွေးကောက်ပွဲအတွက် လူစာရင်း အိမ်ထောင်စု စာရင်းများကို လူထုဆန္ဒမပါဘဲ အတင်းအကြပ် လုပ်ဆောင်နေသော မင်းတုန်း လဝကကို သတိပေးဗုံးခွဲခဲ့ခြင်း ဖြစ်သည်ဟု သိရပြီး လူအထိ အခိုက်မရှိဘူး ဟု ဆိုသည်။

လင်းယုန်တပ်၏ ပြန်ကြားရေးတာဝန်ခံက ”ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့ စကစကို ဒီ အလိမ်အညာ ရွေးကောက်ပွဲကို အသိအမှတ်မပြု လက်မခံကြောင်း ပြသချင်လို့ သရက် မင်းတုန်း နှစ်မြို့နယ်က လဝက ရုံး တွေမှာ အသိပေး ဖောက်ခွဲတဲ့ သဘောပါ။ ပြည်သူတွေအနေနဲ့လည်း ဒီရွေးကောက်ပွဲဟာ အတုအယောင် လက် မခံဘူး။ ဆန့်ကျင်ရမယ် ဆိုတာကို သွေးအေးမနေဖို့ တိုက်တွန်းချင်တာလည်း ပါ ပါတယ်။ အဆောက်အဦတွေ ထိခိုက်မူ တချို့ ရှိတယ်လို့ သိရပါတယ်။ လူအထိအခိုက်တော့ မရှိပါဘူး” ဟု ပြောသည်။

သရက်မြို့ လဝကရုံးကို ဇန္နဝါရီလ ၁၃ ရက်ရက်နေ့၊ ညနေ ၆ နာရီ ၄၅ မိနစ်အချိန်တွင် ဗုံးခွဲတိုက်ခိုက် ခဲ့သည်ဟု ဆိုသည်။

စပါးတန်းကျေးရွာရှိ ယခင် မဆလခေတ်က စစ်တပ်တပ်စွဲခဲ့သည့် နေရာတွင် ယခု စစ်ကောင်စီတပ်ဖွဲ့က တပ်စွဲ ရန် ပြင်ဆင်မှုများ ရှိနေပြီး လူဖမ်း ငွေတောင်းခြင်းနှင့် သစ်နွားမှောင်ခိုသမားများထံမှလည်း ဝင်ငွေရှာပေးနေ သော စပါးတန်း အုပ်ချုပ်ရေးမှူးကို အကာအကွယ်ပေးရန် အဓိက ဖြစ်နိုင်သည့် အတွက် ဒေသခံရွာအနီးအနားရှိ ဒေသခံများက စိုးရိမ်ထိတ်လန့်နေကြသည်ဟု ပြောသည်။

စပါးတန်းကျေးရွာက အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး က ”မနေ့က စပါးတန်း ဝန်တွင်း မဲဇလီရွာတွေမှာ PDF တွေ ရောက်နေတယ်။ တိုက်ပွဲဖြစ်မယ်ဆိုပြီး တီးတိုး သတင်း တွေ ထွက်နေပြီး အများစုက အိမ်တွင်း အောင်းနေကြတယ်။ အခုမနက်မှ မင်္ဂလာ သတင်းကြားရတယ်။ ကြောက်စရာမလိုဘူး။ PDF က ပြည်သူကို ဘာမှ မလုပ်ဘူး” ဟု ပြောသည်။

မင်းတုန်းအခြေပြု ဖက်ဆစ်တပ်ကလည်း ပြီးခဲ့သည့်ရက်က ငပြင်းကျေးရွာ အထက်၊ ရိုးမတော အဝင် သစ်ခိုး ထုတ်လမ်း ဖြစ်သည့် သုံးထပ်ကွေ့တွင် မိုင်း ၅ လုံးခွဲကာ ခြောက်လှန့်ခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇန္နဝါရီလ ၇ ရက်နေ့ ညကလည်း မင်းတုန်းမြို့နယ်၊ စပါးတန်းအုပ်စု၊ အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် ဦးဖိုးပြား နေအိမ်ရှိ ၎င်းကို လုံခြုံရေးယူပေးသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား လင်းယုန်တပ်က ဝင်ရောက် ပစ်ခတ်ခဲ့သည်။

အဆိုပါ ပစ်ခတ်မှု ဖြစ်စဉ်အတွင်း အုပ်ချုပ်ရေးမှူး လွတ်မြောက်သွားကာ ကျန်ခဲ့သည့် သူ၏ ကိုယ်ပိုင်ကားကို မိုင်းခွဲဖျက်ဆီးခဲ့သည်ဟု လင်းယုန်တပ် တာဝန်ရှိသူက ပြောသည်။