လူစာရင်းကောက်အဖွဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် PDF များအကြား ပစ်ခတ်မှုဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁၆ ရက်။

ပုလဲမြို့တွင် လူဦးရေစာရင်းကောက်နေသည့် အဖွဲ့နှင့်အတူ လိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည် သူ့ကာကွယ်ရေး တပ်ဖွဲ့တို့အကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့ဦးရပ်ကွက်တွင် ဇန္နဝါရီလ ၁၅ ရက်နေ့၊ နံနက် ၉ နာရီဝန်းကျင် အချိန်က စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲအတွက် လူဦးရေ စာရင်း လိုက်လံကောက်ယူနေသည့် အဖွဲ့ ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာမှာ နှစ်ဖက်ကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြ သည်။

ဒေါင်းနက် ရဲခေါင်တပ်စုက တာဝန်ရှိသူ တစ်ဦးက “သူတို့က စစ်သား ၁၀ ယောက်၊ ရဲ ၁၀ယောက်၊ စာရင်း ကောက်တာ ၆ယောက်၊ ၂၆ ယောက်အဖွဲ့၊ သူတို့ကို ဝင်ပစ် ပြီးဆုတ်ခဲ့ရတာ။ အင်အားမမျှလို့” ဟု ပြောသည်။

ပုလဲမြို့ပေါ်တွင် လူဦးရေစာရင်းကောက်ခံနေသူ စစ်ကောက်စီတပ်ဖွဲ့ဝင်များ ပါဝင်သည့် အဖွဲ့ကို အမှတ် ၁၀ တပ်ရင်း ဒေါင်းနက်ရဲခေါင်တပ်စုက ဝင်ရောက်ပစ်ခတ်ခဲ့ရာမှ နှစ်ဖက်ကြား ဆယ်မိနစ်ကျော်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သို့သော် ဒေါင်းနက်ရဲခေါင် တပ်စုအဖွဲ့ဘက်တွင် တစ်စုံတစ်ရာ အထိအခိုက်မသိခဲ့ကြောင်း၊ သို့သော် စစ်ကောင်စီ ဘက်က ထိခိုက်ကျဆုံးမှု အခြေအနေကိုမူ မသိရသေးဘူးဟု အဖွဲ့တာဝန်ရှိသူက ဆိုသည်။

စစ်ကောင်စီတပ်က လုပ်မည့် တရားမဝင်ရွေးကောက်ပွဲကို အမှတ် ၁၀ တပ်ရင်း ဒေါင်းနက်ရဲခေါင်တပ်စု အနေ ဖြင့် အခြားသော PDF တပ်ဖွဲ့များနည်းတူ ရရာနည်းဖြင့် တွန်းလှန်သွားမည်ဟုလည်း ပြောသည်။

ပုလဲမြို့ပေါ်တွင် ဇန္နဝါရီလ ၁၄ရက်နေ့မှ စတင်၍ ရွေးကောက်ပွဲ အတွက် လူဦးရေစာရင်းများကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ၎င်း၏ လက်အောက်ခံ ဝန်ကြီးဌာနအချို့က ဝန်ထမ်းများက တစ်အိမ်တက်ဆင်း လိုက်လံ ကောက်ခံနေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီက ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ရွေးကောက်ပွဲကျင်းပသွားရန် ကြေညာထားပြီး ဇန္နဝါရီလ (ယခုလ) ၉ ရက်နေ့မှ စတင်၍ ၃၁ ရက်နေ့အထိ ကောက်ယူသွားမည်ဟု ဆိုသည်။

ဇန်နဝါရီ ၉ တွင် အစပြုသည့် စာရင်းကောက်ယူမှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းတို့၏ လက်အောက်ခံ စာရင်းကောက်ယူရေး အဖွဲ့တို့ကို လုံခြုံရေးယူပေးနေခြင်း ဖြစ်သည်။

လူဦးရေ စာရင်းကောက်ယူနေသည့် မြို့ကြီးပြကြီးများအပြင် ကျေးလက်ဒေသများတွင်ပါ လူဦးရေစာရင်း ကောက်ယူသည့် နေရာများကို မြို့ပြပြောက်ကျားအဖွဲ့များက ဗုံးခွဲတိုက်ခိုက်ခဲ့မှုများ ဆက်တိုက်ပြု လုပ်လျှက်ရှိ သည်။

အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ NUG က စစ်ကောင်စီ၏ လတ်တလော လူဦးရေ စာရင်းကောက်ယူနေ မှု လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်နေသော ဝန်ထမ်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် ပြင်းပြင်းထန်ထန် အရေးယူမည်ဟု ဇန္နဝါရီလ ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။