မူးယစ်ဆေးသယ်လာသူ ၄ ဦးကို PDF များ ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁၆ ရက်။

ထားဝယ် – ထီးခီး လမ်းပိုင်းတွင် မူးယစ်ဆေးဝါးများနှင့်အတူ သယ်ယူလာသူ ၄ ဦးကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့များက ဖမ်းဆီးရမိခဲ့သည်။

ထိုင်းနယ်စပ်မှ တရားမဝင် မူးယစ်ဆေးဝါးများရောင်းချရန် သယ်ယူလာသူ အမျိုးသား ၄ ဦးကို ဒေသခံ ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းအဖွဲ့များ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

သံမဏိ ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူ တစ်ဦးက “ထားဝယ်ဘက်ကရော ထိုင်းဘက်ကရော သွားလာတဲ့ ယာဉ် အားလုံးစစ်ဆေးတာပါ။ အဲ့ဒီမှာ မူးယစ်ဆေးဝါးတွေကို ရှာတွေ့ရပြီး ပိုင်ရှင်တွေကိုပါ ဖမ်းမိခဲ့တယ်။ သူတို့ကို ဥပဒေ အတိုင်းစီမံသွားမှာပါ” ဟု ပြောသည်။

ဇန္နဝါရီလ ၁၄ ရက်နေ့၊ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က ထိုင်းနယ်စပ်သွား ထားဝယ် – ထီးခီးလမ်းမကြီးပေါ် တွင် ဝင်ထွက်သွားလာနေသူများကို တားဆီးရှာဖွေစစ်ဆေးရာမှ ယခုကဲ့သို့ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးမိသူများထံမှ WY ဆေးပြား အလုံးရေ ၄၀၀၀၊ လက်ကိုင်ဖုန်း ၃လုံး၊ မြန်မာငွေ ၁၃ သိန်းကျော် (၁၃၆၅၅၅၀ ကျပ်)၊ ဆေးခြောက် ၂ထုတ်၊ သုံးဘီးဆိုင်ကယ် ၁စီး၊ ဆိုင်ကယ် ၁စီး တို့ကို သိမ်းဆည်း ရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။

စစ်ဆေး ရှာဖွေ ဖမ်းဆီးခြင်းကို သံမဏိပြောက်ကျားတပ်ဖွဲ့ – နဘယံ၊ Kaw Thoo Lei Army နှင့် ထားဝယ်ခရိုင် တပ်မတော် – T1 တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သံမဏိပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူ တစ်ဦး က ဆိုသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိသူများကို ထားဝယ်မြို့၊ ဝဲကျွန်းထိန်ဟောင်းရပ်ကွက်မှ ကိုငြိမ်းချမ်း၊ မြောက် ရွာ ရပ်ကွက်မှ ကိုအောင်မျိုးနိုင်၊ မေတ္တာမြို့နယ် တောင်သုံးလုံးကျေးရွာမှ ကိုဇော်မင်းအောင် နှင့် ရွှေချောင်း ကျေးရွာမှ ကိုအောင်သူတို့ ဖြစ်ကြပြီး ၎င်းတို့ကို စစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်သည်ဟု တာဝန်ရှိသူများက ပြောသည်။

ထားဝယ်-ထီးခီးကားလမ်းပေါ်၌ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့ များ အကြား နှစ်ဖက်စစ်ရေးတင်းမာမှုများ ရှိနေသဖြင့် ခရီးသွား ပြည်သူများ ညပိုင်းသွား လာခြင်းမပြုရန်၊ စစ် ရေး သတိအမြဲရှိကြရန် နှင့် အသိပေး မေတ္တာ ရပ်ခံချက်များကို ကူညီလိုက်နာပေးကြပါရန် PDF တပ်ဖွဲ့များက သတိပေး ထုတ်ပြန်ထားသည်။