မန့်ဝိန်းဂိတ် အဝင်/အထွက်အတွက် တရုတ်က နိုင်ငံကူး လက်မှတ် (စာအုပ်)များ ထုတ်ပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁၈ ရက်။
ရှမ်းမြောက် တရုတ် – မြန်မာနယ်စပ်ဂိတ်ဖြစ်သည့် မန့်ဝိန်းဂိတ် အဝင်/အထွက် သွားလာနိုင်ရေးအတွက် ခရိုင် ရုံးက နိုင်ငံကူးလက်မှတ် (စာအုပ်) များကို ကန့်သတ်ချက်များဖြင့် ထုတ်ပေးနေသည်ဟု ဒေသခံများက ပြော သည်။
ဇန္နဝါရီလ ၁၅ ရက်နေ့တွင် မူဆယ် ခရိုင်ရုံးက နှစ်နိုင်ငံ ဝင်ထွက်ခွင့် စာအုပ်အနီကို ယာဥ်မောင်းများအား စတင်ပြုလုပ်ပေးနေပြီး မူဆယ်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ်အတွင်း အိမ်ထောင်စာရင်းရှိသူကိုသာ စာအုပ်ထုတ်ပေး ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
မူဆယ်မြို့ခံမှ အမျိုးသမီးတစ်ဦးက “စာအုပ်က ခရိုင်ရုံးကနေ လုပ်ပေးတာ။ မနေ့က ခရိုင်ရုံးက လူကြီးတွေ ပြော တယ်။ တခြားသူတွေ မရဘူး။ ၆ ဘီးကားသမားတွေပဲ ရတယ်။ အဲကားသမားတွေလည်း မူဆယ်၊ နမ့်ခမ်း အိမ် ထောင်စု ရှိသူမှ ရတာ။ တခြားသူက ဘယ်သူမှ လုပ်လို့မရသေးဘူး” ဟု ပြောသည်။
မူဆယ်ခရိုင်ရုံး လဝကရုံးတွင် စာအုပ်သွားလုပ်ပါက မူဆယ်နှင့် နမ့်ခမ်းမြို့နယ်အတွင်းက အိမ်ထောင်စု မူရင်း၊ မှတ်ပုံတင် မူရင်း နှင့် ယာဥ်မောင်းလိုင်စင်တို့ကို ယူဆောင်သွားရသည်ဟု မူဆယ်ဒေသခံများက ပြောသည်။
ခရိုင်ရုံးမှ ထိုကဲ့သို့ နှစ်နိုင်ငံသွားလာဝင်ထွက်ခွင့် လက်မှတ် (စာအုပ်) များ ပြန်လည် ပြုလုပ်ပေးနေပြီ ဖြစ်သော် လည်း ယနေ့အချိန်ထိ ကား အဝင်/အထွက် မရှိသေးဘူးဟု နယ်စပ်နေပြည်သူများက ဆိုသည်။
မူဆယ်ဒေသခံ အမျိုးသမီး တစ်ဦးက “လိုင်းပေါ်က တင်တဲ့ဟာတွေ ယုံလို့မရဘူး။ မနေ့ကလည်း တရုတ်ဘက် ကနေ မြန်မာဘက်လွဲမယ့် လူနာတောင် သေတော့မယ်။ ဒီဘက် လုံးဝဝင်လာလို့မရဘူး။ ကျမက ဂိတ်မှာ ကိုယ်တိုင် သွားကြည့်တယ် နေ့တိုင်းသွားတယ်” ဟု ပြောသည်။
ဇန္နဝါရီလ ၈ ရက်နေ့မှ စတင်၍ တရုတ်-မြန်မာ နယ်စပ်ဂိတ်များဖြစ်သည့် မန့်ဝိန်း၊ နန်းတော်၊ ဆင်ဖြူ ဂိတ်တို့အား တရုတ်နိုင်ငံဘက်ခြမ်းမှ ပြန်လည်ဖွင့်လှစ်လိုက်သော်လည်း မြန်မာဘက်ခြမ်းက ပိတ်ထားခဲ့သည်။
ထို့နောက် ဇန္နဝါရီလ ၁၄ ရက်နေ့တွင် ကုန်သွယ်ဂိတ်တစ်ဂိတ်ဖြစ်သည့် မန့်ဝိန်းဂိတ်ကို မြန်မာဘက်ခြမ်းက ပြန်လည်ဖွင့်လှစ်လိုက်ပြီး ကျန် လူအဝင်အထွက်အတွက်သာ သွားလာရသည့် နန်းတော် (အလယ်ပေါက်)နှင့် ဆင်ဖြူ ဂိတ်နှစ်ဂိတ်ကိုမူ ယနေ့အချိန်ထိ ပိတ်ထားစဲ ဖြစ်သည်။
မန့်ဝိန်းဂိတ်ကို မြန်မာနိုင်ငံဘက်မှ ပို့ကုန်ယာဥ်နှင့်အတူ ဟာဥ်မောင်းတစ်ဦးသာ တရုတ်နိုင်ငံဘက်ကို ဝင်ထွက် သွားလာခွင့် သတ်မှတ်ထားသည့်အပြင် COVID-19 ရောဂါ ကင်းစင်ကြောင်း (၄၈) နာရီအတွင်း စစ်ဆေးချက် အထောက်အထားကိုပါ ယူဆောင်လာမှ သွားလာ ဝင်ထွက်ခွင့်ပြုသည်ဟု ဆိုသည်။
မန့်ဝိန်း ဝင်ထွက်ဂိတ်ကို အသုံးပြု၍ ကုန် တင်ပို့၊ တင်သွင်းမည့် ယာဥ်များအနေဖြင့် အကောက်ခွန် ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့် အညီ စစ်ဆေးမှုခံယူပြီးမှသာ ဝင်ထွက်ခွင့် ပြုသည်ဟုလည်း အာဏာပိုင်များက ပြောဆိုထားကြောင်း ဒေသခံများက ပြောသည်။
၂၀၂၁ ခုနှစ်၊ ဧပြီလမှ စတင်၍ နှစ်နှစ်ကျော် အကြာ COVID-19 အကြောင်းပြချက်ဖြင့် ပိတ်ထားခဲ့သည့် မူဆယ် ခရိုင်အတွင်းက နယ်စပ်ဂိတ် ၃ ဂိတ်ကို ယခုနှစ်၊ ဇန္နဝါရီလ ၈ ရက်နေ့က တရုတ်ဘက်ခြမ်းက စတင်၍ ဖွင့်ပေး လိုက်ခြင်း ဖြစ်သော်လည်း ယနေ့အချိန်ထိ နယ်စပ်ကုန်သွယ်ရေး အခြေအနေများမှာ ယခင်ကဲ့သို့ ဖြစ်မလာ သေးပေ။