ရွေးကောက်ပွဲ ဆန့်ကျင်ရန် SIF တိုက်တွန်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁၈ ရက်။

အာဏာသိမ်းစစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲသည် တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဖြစ်သည့် အတွက် ဆန့်ကျင်ကြရန်နှင့် မပူးပေါင်း မပါဝင်ကြရန် ပင်မ တော်လှန်ရေး အဖွဲ့အစည်းများ စုပေါင်းထားသော မဟာဗျူဟာညှိနှိုင်း ဖော်ဆောင်ရေးအင်အားစု SIF က တိုက်တွန်း ပြောဆိုလိုက်သည်။

အလွှာအသီးသီးရှိ ပြည်သူလူထုထုများ၊ ပါတီများနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် စစ်တပ်က လုပ်မည့် ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်လိုက်မည် ဆိုပါက အကြမ်းဖက်မှုများကို လုပ်ဆောင်နေ သည့် စစ်တပ်ကို ပိုမိုအားပေးရာရောက်သည့်အတွက် ယခုကဲ့သို့ တိုက်တွန်းရခြင်း ဖြစ်သည်ဟု ဆိုသည်။

လူ့ဘောင်သစ် ဒီမိုကရက် တစ်ပါတီ – DPNS ဥက္ကဋ္ဌ လည်းဖြစ် မဟာဗျူဟာညှိနှိုင်း ဖော်ဆောင်ရေးအင်အားစု SIF ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည့် ဦးအောင်မိုးဇော်က “အခြေခံကတော့ ဒီရွေးကောက်ပွဲကို လက်မခံဖို့ပဲ ဗျ။ ဒီရွေးကောက်ပွဲက တကယ်တမ်းကျတော့ ရွေးကောက်ပွဲ မဟုတ်ဘူး။ တရားခံတွေကို ရွေးတဲ့ ရွေးချယ်ပွဲ လို့ပဲ ကျနော်တို့ အဲလိုပဲ ကျနော်တို့ ယူဆတယ်ပေါ့နော။ နှစ်တစ်ချက်က ပြည်သူတွေ အနေနဲ့ ပြည်သူအများစု အနေနဲ့ပေါ့ဗျ ဒီကောင်တွေလုပ်တဲ့ ကိစ္စတွေကို ပူးပေါင်းဆောင်ရွက် လိမ့်မယ်လို့ ကျနော်တို့ ဘယ်တုန်းကမှ မယူဆဘူး။ မယုံကြည်ဘူးပေါ့နော်။ နောက်တတိယတစ်ချက်က အခု အဲဒီစစ်အုပ်စုက သူလုပ်ချင်တာ သူဟာ သူလုပ်မယ်ဆိုရင် တကယ်တမ်းကျတော့ တိုင်းပြည်ထဲမှာ သွေးထွက်သံယိုမှုတွေ ဖြစ်အောင်လို့ သူတမင်တကာ ဖန်တီးချင်လို့ ဖြစ်တယ်။ အဲဒါကိုလည်းပဲ နိုင်ငံတကာကနေ ဝိုင်းဝန်း ဆန့်ကျင်ဖို့အတွက် ကျနော်တို့ အနေနဲ့ တိုက်တွန်းတာဖြစ်ပါတယ်” ဟု ပြောသည်။

ထို့အပြင် စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်အသက်သွင်း မည့် ရွေးကောက်ပွဲဖြစ်သည့်အတွက် ပါဝင်ပတ်သက်မှု မလုပ်ကြရန် မဟာဗျူဟာညှိနှိုင်း ဖော်ဆောင်ရေးအင် အားစု SIF က အမျိုးသမီးခေါင်းဆောင် လွေးပိုးငယ်ကလည်း တိုက်တွန်းသည်။

၎င်းက “ပြည်သူလူထုအပါအဝင် ဒီ Stake holder တွေ ဖြစ်တဲ့ နိုင်ငံရေး ပါတီထဲကပဲ ပြောပြော တိုင်းရင်း သား လက်နက်ကိုင်တွေပဲ ပြောပြော ဘယ်သူပဲ ဖြစ်ဖြစ်ပေါ့နော် ပူးပေါင်းမပါဝင်ဖို့ လိုအပ်တယ်ဆိုတာ ကျမတို့ က မီးမှောင်းထိုးပြချင်တာလည်း ဖြစ်တယ်။ နောက်တစ်ချက်ကကျတော့ အဓိက ၂၀၀၈ ကို ကျမတို့က ပယ် ဖျက် ပြီးသားဖြစ်တယ်။ ဒီ ၂၀၀၈ ကို ပြန်သယ်ဆောင်လာမယ့် အခြေအနေ အခွင့်အလမ်းတွေ အားလုံးမှန် သမျှကို ၂၀၀၈ ရလဒ်ကို ဆုပ်ကိုင်ပြီးတော့မှ လုပ်ဆောင်မယ့် လမ်းကြောင်းမှန်သမျှကို ကျမတို့က ပိတ်ဆို့ရမှာ ဖြစ်ပါတယ်။ ဒါမှသာလျှင် ကျမတို့က ဒီကျမတို့ နိုင်ငံမှာ စစ်အာဏာရှင် စနစ်ကို အမြစ်ဖြတ် တော်လှန်နိုင်မှာ ဖြစ်တယ်ပေါ့နော” ဟု ပြောသည်။

ဇန္နဝါရီလ ၁၆ ရက် (ယမန်နေ့) က ထုတ်ပြန်ထားသည့် မဟာဗျူဟာ ညှိနှိုင်းဖော်ဆောင်ရေးအင်အားစု၏ အတု အယောင် ရွေးကောက်ပွဲဆိုင်ရာ ရပ်တည်ချက်နှင့် တိုက်တွန်းချက်ထဲတွင် ဖက်ဆစ်စစ်အုပ်စုက ကျင်းပမည်ဆို သည့် ရွေးကောက်ပွဲသည် ဒီမိုကရေစီနည်းကျ ရွေးကောက်မှု မဟုတ်ခြင်းနှင့် စစ်အုပ်စုက ကျူးလွန်ခဲ့သည့်၊ ကျူးလွန်နေသည့်၊ ဆက်လက် ကျူးလွန်နိုင်မည့် ရာဇဝတ်မှု ပြုလုပ်နိုင်ခွင့် အာဏာအပ်နှင်းခြင်းသာ ဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် အားလုံးတန်းတူမှု၊ တရားမျှတမှု၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုတို့ကို ပေါ်ပေါက်စေမည် မဟုတ်ကြောင်း ပြောဆိုထားသည်။

ရွေးကောက်ပွဲကို အသိအမှတ်ပြု လက်ခံခြင်း သို့မဟုတ် ပူးပေါင်းဆောင်ရွက် မည်ဆိုပါက ပြည်သူများ၏ တန် ဖိုး မဖြတ်နိုင်သော ပေးဆပ်မှုများစွာဖြင့် ပေါ်ပေါက်လာသည့် ပြည်သူ့တော်လှန်ရေး ရည်မှန်းချက်များအား ဥပေ က္ခာပြုခြင်း၊ စစ်အုပ်စု၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အကာအကွယ်ယူ၊ ရယူခံစားနေသည့် ပြစ်ဒဏ် ကင်း လွတ်ခွင့်ကို သက်ဆိုးရှည်စေပြီး စစ်အာဏာရှင်စနစ်ကို ပိုမိုခိုင်မြဲသွားစေမည်ဟု ထည့်သွင်းထားသည်။

ထို့ကြောင့် နိုင်ငံရေးပါတီများ၊ ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ တရားခံရွေးချယ်ပွဲအား လက်မခံဘဲ နည်း သဏ္ဍာန်ပေါင်းစုံဖြင့် ငြင်းပယ်ကြရမည် ဖြစ်သည်ဟု မဟာဗျူဟာညှိနှိုင်း ဖော်ဆောင်ရေးအင်အားစု SIF က ဆို သည်။

နိုင်ငံရေး ပါတီတစ်ချို့က ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်အပေါ် မဟာဗျူဟာညှိနှိုင်း ဖော်ဆောင်ရေးအင် အားစု SIF က အမျိုးသမီးခေါင်းဆောင် လွေးပိုးငယ်က “ရွေးကောက်ပွဲ လုပ်တယ်ဆိုတော့ နိုင်ငံရေးပါတီတွေက ပါဝင်မှ သူက ရွေးကောက်ပွဲ လုပ်လို့ရတာကိုး ဆိုတော့ ဒီလိုမျိုး နိုင်ငံရေးပါတီတွေ သေသေချာချာ စဉ်းစားဖို့ လိုတယ်။ ကိုယ်ကိုတိုင်က လူသတ်တရားခံနဲ့ ပူးပေါင်းတယ်ဆိုလို့ရှိရင် ကိုယ်ပါကြံရာပါပဲ ဆိုတဲ့ဥစ္စာမျိုးကို ကျမတို့က ပြောတာ ဖြစ်ပါတယ်ပေါ့။ ဒါကြောင့်မို့လို့ ဘယ်လို နိုင်ငံရေးပါတီမျိုးမဆို တကယ်ပဲ ဖက်ဒရယ် ပြည်ထောင်စုကို လိုလားတယ် တိုင်းရင်းသား တန်းတူရေးကို လိုလားတယ် ကိုယ်ပိုင်ပြဌာန်းခွင့်ကို လိုလား တယ်ဆိုလို့ရှိရင်တော့ အခု စစ်ကောင်စီကျင်းပမယ့် တရားမဝင်တဲ့ ရွေးကောက်ပွဲကို မဝင်ပြိုင်ဖို့ လိုပါတယ်” ဟု ပြောသည်။

ဦးအောင်မိုးဇော်ကလည်း “ကျိန်းသေတာက နိုင်ငံရေး ပါတီဆိုတာက တကယ်တမ်းကျတော့ သူတို့ ယုံကြည်တဲ့ မူဝါဒ လုပ်ငန်းစဉ်တွေနဲ့ ပြည်သူလူထုကို အလုပ်အကျွေးပြုဖို့ ဖြစ်တယ်လေ။ ပြည်သူတွေကနေ ဒီကောင်တွေ ကို မလိုချင်တော့ဘူးလို့ ပြောနေတဲ့အချိန်မှာ ပြည်သူတွေရဲ့ ပြောတဲ့စကားနဲ့ ဆန့်ကျင်ပြီးတော့ သူတို့ လုပ်မယ် ဆိုရင်တော့ အဲဒါ နိုင်ငံရေးပါတီ မဟုတ်တော့ဘူးဗျာ။ ကျနော်တော့ အဲလိုပဲ မြင်ပါတယ်ဗျာ” ဟု ပြောသည်။

မဟာဗျူဟာ ညှိနှိုင်းဖော်ဆောင်ရေး အင်အားစု SIF ၏ ထုတ်ပြန်ချက်ထဲတွင် တိုင်းရင်းသားလက်နက်ကိုင် တော် လှန်ရေး အင်အားစုများဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (KNPP)၊ ပလောင်လွတ်မြောက်ရေး တပ်ဦး (PSLF) တို့က စစ်အုပ်စု၏ တရားခံရွေးပွဲအား လက်မခံကြောင်း ရှင်းလင်းစွာ ရပ်တည်ထားသည်ဟုဆိုသည်။

ထို့အတူ ကျန်တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အင်အားစုများအနေဖြင့်လည်း တရားခံရွေးပွဲအား ဆန့် ကျင် တိုက်ဖျက်ကြရန် တိုက်တွန်းအပ်ပါသည် ဟု ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို မဲမသမာမှုများဖြင့် အနိုင်ရရှိခဲ့သည်ဟုဆိုကာ စစ်တပ်က အာဏာသိမ်းခဲ့သည်။ ထိုသို့ အာဏာသိမ်းပြီးနောက် ၂ နှစ်အကြာတွင် ရွေး ကောက်ပွဲ ပြုလုပ်ပေးမည်ဟု စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားပြီး ၂ နှစ်အကြာ ၂၀၂၃ ခုနှစ် ဇန္နဝါရီလအတွင်း ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းများကို စတင်ကောက်ခံနေပြီ
ဖြစ်သည်။

မဟာဗျူဟာညှိနှိုင်းဖော်ဆောင်ရေးအင်အားစု – SIF သည် အာဏာရှင်စနစ်များ အမြစ်ဖြတ်ချေမှုန်းရေးနှင့် ဖက် ဒရယ် ဒီမိုကရေစီဖော်ဆောင်ရေး နိုင်ငံရေးရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် အခြေခံ အားဖြင့် အမြင်၊ ရပ်တည်ချက်နှင့် နည်းနာများ တူညီသည့် တော်လှန်သော နိုင်ငံရေးအင်အားစုများ၊ တသီး ပုဂ္ဂလများ၏ ဆုံရပ်ဖြစ်သည်။

SIF တွင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး အထွေထွေ သပိတ်ကော်မတီ GSC၊ ကရင်အမျိုးသား အစည်းအရုံး KNU၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNS နှင့် အမည်မဖော်လိုသော အဖွဲ့အစည်းများ၊ နိုင်ငံရေးပုဂ္ဂိုလ်များ ပါဝင်သည်။