ဒီပဲယင်းကျေးရွာ ၁၂ ရွာကို စစ်ကောင်စီတပ် တရွာဝင်တရွာထွက် မီးရှို့၊ သေပျောက်မှုများ ရှိနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁၈ ရက်။
ယခုနှစ် ဇန္နဝါရီလ ဒုတိယပတ်အထိ ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၁၂ ရွာကို အင်အား ၁၈၀ ခန့်ရှိသည့် စစ် ကောင်စီ စစ်ကြောင်းနှစ်ကြောင်း တစ်ရွာဝင်တစ်ရွာထွက် မီးရှို့ခဲ့ရာ ပြည်သူ ထိခိုက်သေဆုံးမှုများပါ ရှိနေသည် ဟု ဒေသအတွင်းရှိ ဒီပဲယင်းမြို့နယ် ညီနောင်များအသင်းက ထုတ်ပြန်ထားသည်။
၂၀၂၃ ခုနှစ် ဇန္နဝါရီလ ဒုတိယပတ်အထိ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲ ကျေးရွာပေါင်း ၁၂ ကို စစ်ကောင်စီ စစ်ကြောင်း နှစ်ကြောင်းက ရွာလုံးကျွတ်မီးရှို့ခြင်းများ ဆက်တိုက်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ဒီပဲယင်းမြို့နယ် ညီနောင်များအသင်းက ကိုဖြိုးကြီးက “အင်းတန်းရွာဆိုရင် အားလုံးပေါင်း ၃၄ ပေါ့ဗျာ။ အင် တိုင်းလေးရွာဆိုလို့ရှိရင်လည်း ၃၆ အိမ်။ ဒါမီး လောင်ဆုံးရှုံးခဲ့ရတဲ့ အခြေအနေဗျ။ ပထမတကြိမ်ရှို့ခံရ တာက ယင်း တွေရွာရှို့ခံရတယ်။ နောက်တကြိမ် စိုင်ပြင် ရှို့ခံရတယ်။ နောက်မကျည်းစောက်ရွာကို ရှို့တယ်။ အဲ့ဒီကနေ ပြီးတော့ ဆပ်ပြာကျင်းရွာကို ရှို့တယ်။ ဘုတ်ရွာကို ရှို့တယ်။ အဲ့ဒီနောက်မှာ ကျုပ်တို့ အင်တိုင်းလေးတို့၊ အခုကန အင်းတန်းတို့ ဆက်တိုက်ရှို့သွားတာ ပေါ့ဗျာ။ ကုန်းရိုးတို့ ဝန်းရံတို့ ချောင်းနားတို့ အများကြီးပါဗျ။ ဒီလဆန်း ပိုင်းမှာရင် အားလုံးပေါင်း ၁၂ ရွာလောက်အထိ ရှို့ခံထားရတာ ရှိတယ်ဗျ” ဟု ပြောသည်။
ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်ရင်းမှာ မော်လိုက်အခြေစိုက်တပ် ခမရ – ၃၆၄ တပ်ရင်းနှင့် ခလရ – ၇၀၁ တပ်ရင်းတို့ဖြစ်ကြပြီး အဆိုပါ စစ်ကြောင်းတွင် လူဦးရေ ၁၈၀ နီးပါးခန့် ပါသည် ဟု ဒေသခံများက ပြောသည်။ ထိုစစ်ကြောင်းမှာ ဒီပဲယင်းမြို့နယ်နှင့် ရေဦးမြို့နယ်ထဲ ခေါက်တုန့်ခေါက်ပြန် သွား လာ ဝင်ထွက် စစ်ကြောင်းထိုးနေ သည်ဟု ဆိုသည်။
ထို့အပြင် “ရင်းတုတ်ရွာမှာဆိုရင် ပထမအကြိမ်က အိမ်ခြေ ၅၀ လောက်ရှို့ခံရတယ်။ နောက်ထပ် နှစ်အိမ်ရှို့ခံရ တော့ ၅၂ အိမ်ဖြစ်သွားတယ်။ ဘုရာထွက်ကျေးရွာဆိုရင် နေအိမ် ၂၄၃ အိမ်အထိ အရှို့ခံထားရတယ်။ ကြည်ရွာ ဆိုရင် ၂၅၄ အိမ်အရှို့ခံထားရတယ်။ နောက်ထပ်တစ်ခါ မကျည်းအုပ်ရွာဆိုရင်လည်း ၂၇ အိမ်ပေါ့နော်။ မကျည်း တောက်ရွာဆိုရင် ၉၃ အိမ်ပေါ့။ ဆပ်ပြာကျင်းရွာမှာဆိုရင် ပထမတင်ထားတာက ၇၂ အိမ်ပေါ့ဗျာ၊ နောက်ထပ် အတည်ပြုထားတာတော့ ၈၅ အိမ်အထိ မီးရှို့ခံရပါတယ်ဗျ။ ဘုတ်ရွာဆိုရင် အိမ်ခြေ ၁၈၀ အရှို့ခံရ တယ်ပေါ့ နော်။ ကုန်းရိုးတို့၊ ဝန်းရံတို့ဆိုရင် တစ်ရွာကို ၆ အိမ်စီ အရှို့ခံရတယ်။ ချောင်းနားရွာဆိုရင် ၁၁ အိမ်ပေါ့” ဟု ကိုဖြိုးကြီးက ဆက်ပြောသည်။
စစ်ကောင်စီတပ်က ရွာလုံးကျွတ်မီးရှို့နေမှုများကြောင့် ပြည်သူများ၏ အိမ်များ မီးလောင်ဆုံးရှုံးပျက်စီးခဲ့ သည့် အပြင် ပြည်သူ ထိခိုက်သေဆုံးမှုများလည်း ရှိခဲ့သည်။
ကိုဖြိုးကြီးက “ဒီသက်ကြီးရွယ်အိုတွေ အသက် ၈၀ ကျော်တွေ မီးလောင်သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်မျိုးတွေလည်း ဆက် တိုက်ဖြစ်ခဲ့တယ်။ နောက် ဒီဖမ်းဆီးခံရတဲ့တာလည်း ရှိပါတယ်ဗျာ” ဟု ပြောသည်။
အင်တိုင်လေးကျေးရွာမှ အသက် ၈၅ နှစ်အရွယ် အဘိုး ဦးဝန်မြဆိုသူ သေဆုံးခဲ့ပြီး အင်းတန်းကျေးရွာမှာ ပျောက်ဆုံးနေသည့် အဘိုးဦးတင်မောင် အသက် ၈၀ နှစ်နှင့် အဖွားဒေါ်ဆန်းနု အသက် ၇၀ နှစ်တို့ ပြန်လွတ် လာခဲ့သည်။ ဒီပဲယင်းမြို့ပေါ်တွင်လည်း အရပ်သားပြည်သူ တစ်ဦး စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဝမ်းဗိုက်တွင် သေနတ်ထိမှန် ဒဏ်ရာ ရရှိခဲ့သည်။
လက်ရှိတွင် မီးဘေးသင့် စစ်ရှောင်များအတွက် စားနပ်ရိက္ခာအပြင် နေစရာ နေရာထိုင်ခင်းများနှင့် နေအိမ်များ ပြန်လည် တည်ဆောက်နိုင်ရေး အကူအညီများစွာ လိုအပ်နေသည်ဟု စစ်ရှောင်များအား အကူအညီပေးနေသူ များက ဆိုသည်။
ဒီပဲယင်းစစ်ရှောင်များအား ကူညီပေးနေသူ တစ်ဦးက “မီးရှို့ခံရတဲ့ရွာတွေက ဒီပြည်သူတွေက ကိုယ့်အိမ်ကို မနေ ရင် နေစရာမရှိဘူးလေ။ စစ်ကြောင်းမရှိတော့ဘူး။ ထွက်သွားပြီဆိုရင် ကိုယ့်ရွာကိုယ်ပြန် ကပ်ကြရတယ်။ မီးရှို့ ခံရတဲ့ အိမ်တွေဆိုရင် ဖြစ်သလို တဲလေးတွေ ထိုးနေရတာရှိတယ်။ တချို့ဆို ဘုန်းကြီးကျောင်း စာသင် ကျောင်း တွေ သွားပြီးမှ စုံပြုံနေကြရတာရှိတယ်ပေါ့နော်” ဟု ပြောသည်။
ဒီပဲယင်းမြို့နယ် အတွင်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ နှင့် ၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ဒုတိယပတ်အထိ ကျေးရွာပေါင်း ၃၇ ရွာနှင့် စိုင်ပြင်မြို့ ရပ်ကွက် ၂ ခုအတွင်းရှိ နေအိမ်ပေါင်း ၃၅၁၁ ဆောင်နှင့် စျေးဆိုင်ခန်း ၂၄ လုံး၊ ဆန်စက် ၃ လုံး နှင့် ဘုန်းကြီးကျောင်း ၅ ကျောင်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ဇန္နဝါရီလ ၁၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
Data for Myanmar အဖွဲ့၏ ဇန္နဝါရီလ ၁၅ ရက်နေ့က ထုတ်ပြန်ထားသည့် စာရင်များအရ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ လ (၃၁) ရက်နေ့အထိ စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့ အစည်းများက မီးရှို့ ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူ နေအိမ်ပေါင်း ၄၈,၄၆၃ လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး စစ်ကိုင်းတိုင်းအတွင်း ၃၆,၆၆၇ လုံး၊ မကွေးတိုင်းတွင် ၈,၅၇၅ လုံး၊ ချင်းပြည်နယ်တွင် ၁,၄၇၅ လုံးနှင့် ကျန်ပြည်နယ်နှင့် တိုင်းတို့တွင် ၁,၇၄၆ လုံး ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု သိရသည်။