ပုလော နေ့ဝက်တိုက်ပွဲ စစ်ကောင်စီ ၇ ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁၉ ရက်။

ပုလောမြို့နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြားက နေ့ ဝက်နီးပါအကြာ တိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ၇ ဦး နှင့် အုပ်ချုပ်ရေးမှူးတို့ သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းရှိ ရှပ်ပုံကျေးရွာ သင်္ချိုင်းဟောင်းအနီး စံပြရပ်ကွက်တွင် ဇန္နဝါရီလ ၁၆ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်မှ ညနေ ၆ နာရီအထိ ၆ နာရီအကြာ နှစ်ဘက်တိုက်ပွဲပြင်းထန်ခဲ့ခြင်း ဖြစ်သည်။

စံပြရပ်ကွက်တွင် ရှိနေသည့် စစ်ကားတစ်စီးအား ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက မိုင်းခွဲ ဖျက်ဆီး ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့နှင့် နှစ်ဘက်အပြန်အလှန် ပစ်ခတ်ကာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု မြိတ် ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း (၁) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အသက် ၅၀ ခန့်အရွယ် ရွာသားတစ်ဦးက “ရွာသားတွေ ထိခိုက်တာတော့ မရှိပါဘူး။ ဖြစ်တဲ့နေရာက အကွက် သစ်ဖေါ်ပြီးရောင်းထားတဲ့ နေရာဆိုတော့ အိမ်နည်းနည်းပဲရှိတယ်။ ရွာမကြီးထဲ ဖြစ်တာ မဟုတ်လို့ တော်သေး တယ်” ဟု ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း သေနတ်အတို တစ်လက်၊ အရှည်တစ်လက်၊ ကျည်ကတ် ၆ခု၊ ကျည် ၆၀ တောင့်၊ လက်
နက်ကြီးကျည် ၆လုံးနှင့် လက်ပစ်ဗုံးနှစ်လုံးတို့ကိုပါ သိမ်းဆည်းရရှိခဲ့ပြီး PDF ပူးပေါင်းအဖွဲ့များဘက်တွင် ထိခိုက် မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့သည်ဟု တိုက်ပွဲအတွင်း ပါဝင်ခဲ့သူ ပုလော ပြည်သူ့ကာကွယ်ရေး – PRDF တပ်ဖွဲ့ ဦးဆောင်သူတစ်ဦး က ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့်နေ့က ညနေပိုင်း ၅ နာရီခွဲ အချိန်ခန့်တွင် တိုက်ပွဲ ငြိမ်သွားခဲ့သော်လည်း စစ်ကောင်စီတပ် ဘက်က ည ၇ နာရီ အချိန်ခန့်အထိ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများလုပ်ခဲ့သည်ဟု ဒေသခံများက ပြော သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ငယ်များအပြင် လက်နက်ကြီးများဖြင့်ပါ ရမ်းသမ်းပစ်ခတ်ခဲ့ခြင်း ကြောင့် ရွာသားများ စိုးရိမ်ကြောက်လန့်ကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည် ဟု ဒေသခံများက ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ဇန္နဝါရီလ ၁၈ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရှပ်ပုံကျေး ရွာ အဝင်နှင့်အထွက်ကို သံဆူးကြိုးများဖြင့် ကာရံကာ ဂိတ်ချပြီး လမ်းသွားလမ်းလာ ပြည်သူများနှင့် ယာဉ်များအား စစ်ဆေး ရှာဖွေမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။

ရှပ်ပုံကျေးရွာသည် ပုလောမြို့နှင့် မျက်နှာခြင်းဆိုင် ချောင်းတဘက်ကမ်းတွင် တည်ရှိပြီး မြို့နှင့်အနီးဆုံး ကျေးရွာ တစ်ရွာလည်း ဖြစ်သည်။

အိမ်ခြေတစ်ထောင်နီးပါးရှိကာ ရေလုပ်ငန်းနှင့် ဥယျာဉ်ခြံလုပ်ငန်းများကို အဓိက လုပ်ကိုင်နေသည့် ကျေးရွာကြီး တစ်ရွာ ဖြစ်သည်။