NLD လက်ထက် ရပ်ကျေး အုပ်ချုပ်ရေးမှူးများ အပါအဝင် လူ ၈ ဦး သတ်ဖြတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁၉ ရက်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် အုပ်ချုပ်ရေးမှူး ၃ ဦး အပါအဝင် အမျိုးသား ၈ ဦးကို ဘုတ်ပြင်းမြို့နယ်ထဲတွင် သတ်ဖြတ်ပြီး လမ်းဘေး၌ စွန့်ပစ်ထားသည်ဟု ဒေသခံများက ပြောသည်။

အလောင်းများကို ဇန္နဝါရီလ ၁၅ ရက်နေ့၊ နံနက်ပိုင်းက ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ပြည်ထောင်စု လမ်း မကြီးပေါ်ရှိ လမ်းဘေးတစ်နေရာတွင် တွေ့ရှိခဲ့ရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

သေဆုံးသူများမှာ ရွာဟေ့လူကျေးရွာသား ၆ ဦးနှင့် အေးချမ်းသာကျေးရွာသား ၂ ဦးတို့ ဖြစ်ကြပြီး NLD အစိုးရ လက်ထက် ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဦးအောင်ဖေ၊ ဦးဉာဏ် ဝင်း၊ ဦးဟန်ထူး ဆိုသူတို့လည်း ပါဝင်သည်ဟု ဒေသခံများက ပြောသည်။

ဘုတ်ပြင်းမြို့နယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရွာဟေ့လူကျေးရွာနှင့် နမ်မတွန်ကျေးရွာအကြားရှိ ရှမ်းကိုး ကျေးရွာအနီး ကားလမ်းမနံဘေး ဝါးရုံတောတွင် စွန့်ပစ်ခံထားရခြင်း ဖြစ်သည်။

ဇန္နဝါရီလ ၁၃ ရက်နေ့က ၎င်းတို့ အရပ်သား ၈ ဦးကို လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ကားဖြင့် လာရောက် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

အသက် ၄၀ ခန့်အရွယ် ရွာဟေ့လူရွာသားတစ်ဦးက “ဖြစ်စဉ်ကအမှန်ပါပဲ၊ အစည်းအဝေးဆိုပြီးကားနဲ့ လာခေါ် သွားပြီးမှ သတ်ပစ်လိုက်တာလို့ပဲ သိထားသေးတယ်” ဟု ပြောသည်။

အဆိုပါဒေသအတွင်း ယခုကဲ့သို့ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုမျိုး ယခင်က တကြိမ်တစ်ခါမှ ဖြစ်ပွားခဲ့ ခြင်း မရှိခဲ့ဘူးဟု ဒေသခံများက ဆိုသည်။

ယခုတွေ့ရှိခဲ့ရသည့် စွန့်ပစ်ခံထားရသည့် ရွာသားများ၏ ရုပ်အလောင်းများသတင်းဓါတ်ပုံများကို အသုံးပြု၍ စစ် ကောင်စီ၏ ဝါဒဖြန့် လူမှုကွန်ယက်စာမျက်နှာများတွင် ကော်သူးလေတပ်မတော် – KTLA မှ ဒလန်ဟု စွပ်စွဲကာ သတ်ဖြတ်ခဲ့ခြင်းသာ ဖြစ်သည်ဟု ရေးသား ဝါဒဖြန့်ထားကြသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ယခင် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO စစ်ဦးစီးချုပ် ရာထူးတာဝန် ရပ်စဲ ခံလိုက်ရသူ လက်ရှိ ကော်သူးလေ တပ်မတော် (KTLA) ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောနယ်ဒါးမြဦးက ၎င်း တို့ အဖွဲ့က လုပ်ဆောင်ခြင်း မဟုတ်ကြောင်း ယနေ့အချိန်ထိ မည်သည့် အဖွဲ့အစည်းက မည်သည့် အကြောင်းရင်း ကြောင့် သတ်သွားသည်ကိုလည်း မသိရသေးဘူးဟု ကရင်သတင်းစဉ် KIC သတင်းဌာနအား ဖြေဆိုထားသည်။

ထိုင်း-မြန်မာနယ်စပ်တွင် တည်ရှိသည့် ရွာသား ၈ ဦး အသတ်ခံလိုက်ရသည့် အဆိုပါ ဒေသတွင် KNU တပ်မဟာ (၄) အပြင် အခြားသော လက်နက်ကိုင်အဖွဲ့အစည်းများလည်း လှုပ်ရှားသည့် နေရာဖြစ်ပြီး လက်ရှိအရပ်သား (၈) ဦး သတ်ဖြတ်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ မည်သည့် အဖွဲ့အစည်းက ပြုလုပ်ခဲ့ကြောင်းကိုမူ တရားဝင် ထုတ် ဖော်ပြောဆိုခြင်း မရှိသေးပေ။