တိုက်ပွဲ ပြီးပြီ အထင်နှင့် ရွာထဲ ဝင်လာသူ သတ်ဖြတ်၊ လုယက် ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁၉ ရက်။

တိုက်ပွဲပြီးဆုံးသွားပြီးအထင်နှင့် ရွာထဲဝင်လာသူတဦးကို ကို စစ်ကောင်စီတပ်သားများက ဝိုင်းဝန်းဖမ်းဆီးပြီး သတ်ဖြတ်ကာ ရွှေဆွဲကြိုးကိုယူဆောင်သွားသည်ဟု ဒေသခံများက ပြောသည်။

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာတွင် ဇန္နဝါရီလ ၁၆ ရက်နေ့၊ ညပိုင်းက စစ်ကောင်စီတပ်နှင့် ဒေသခံ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားပြီးနောက် တိုက်ပွဲ ပြီးဆုံးသွားပြီ အထင်ဖြင့် ကျေးရွာထဲဝင်လာသူ ကိုလင်းလင်းဝေ၊ အသက် ၃၃ နှစ် အသတ်ခံလိုက်ရခြင်း ဖြစ်သည်။

အသက် ၅၀ ခန့်အရွယ် အမျိုးသားတစ်ဦးက “သူက ငါးဖမ်းရေလုပ်သားတစ်ဦးပါ၊ ပင်လယ်ကပြန်ဝင်လာတဲ့ အချိန် ရွာထဲ တိုက်ပွဲဖြစ်ခဲ့တဲ့ အခြေအနေတွေကို မသိဘဲ ကမ်းဝင်ကပ်တဲ့အချိန်မှာ အခုလိုဖြစ်သွားတာ” ဟု ပြောသည်။

စစ်ကောင်စီက ဖမ်းဆီးသွားခဲ့သည့် ကိုလင်းလင်းဝေ၏ ရုပ်အလောင်းတွင် လည်ပင်းပြတ်ရှ ဒဏ်ရာဖြင့် ပြန်တွေ့ ခဲ့ရပြီး ၎င်းဆွဲထားသည့် ရွှေဆွဲကြိုးတကုံးလည်း ပျောက်ဆုံးနေသည်ဟု ပုလော ဒေသအခြေစိုက် PRDF တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုသည်။

တိုက်ပွဲဖြစ်ပွား ပြီးနောက် စာသင်ကျောင်းဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု PRDF တာဝန်ရှိသူက ပြောသည်။

ယခင်က စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရှပ်ပုံကျေးရွာ ဘုန်းကြီးကျောင်းနှင့် အုပ်‌ချုပ်ရေးမှူးရုံး နေရာနှစ်နေရာ တွင် တပ်စွဲထားခဲ့သော်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည့် အချိန်မှစတင်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၂၀ ခန့်က စာသင်ကျောင်းဝင်းအတွင်း ထပ်မံ တပ်စွဲထားသည်ဟု ဒေသခံများက ပြောသည်။

တိုက်ပွဲ ဖြစ်ပွားခဲ့စဉ်အတွင်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် ရှပ်ပုံကျေးရွာ အတွင်းနှင့် ၃ မိုင်ခန့် သာ ကွာဝေးသည့် မကျည်းကုန်းကျေးရွာဘက်မှ နှစ်ဖက်ညှပ် ပစ်ခတ်ခဲ့ခြင်းကြောင့် အိမ်အချို့ ထိခိုက် ပျက်စီးမှု များလည်း ရှိနေခဲ့သည်ဟု ဒေသခံများက ပြောသည်။

လက်ရှိတွင် နှစ်ဖက် စစ်ရေးတင်းမာနေပြီး တိုက်ပွဲ ထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်ကာ ရွာသားများ ထွက်ပြေးနေ ကြရစဲဖြစ်ပြီး ကျေးရွာအတွင်း ပိတ်မိနေသည့် ရွာသားအချို့လည်း ရှိနေသေးသည်ဟု ဒေသခံများက ပြောသည်။

ကျေးရွာပြင်ပ အနီးတဝိုက်တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ရှိနေသကဲ့သို့ ကျေးရွာအတွင်း၌လည်း စစ်ကောင်စီ တပ်ဖွဲ့များ ရှိနေခြင်းကြောင့် ဝင်လမ်းထွက်လမ်း ပိတ်မိနေသည့် ရွာသားအများစုမှာ ကျေးရွာ ဘုန်း ကြီးကျောင်းများ နှင့် နေအိမ်များတွင်ပင် ပုန်းခိုနေကြရသေးသည်ဟု ဆိုသည်။

ဇန္နဝါရီလ ၁၆ ရက်နေ့က နေ့တဝက်နီးပါးအကြာ နှစ်ဘက် အပြန်အလှန် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ် ကောင်စီ တပ်ဖွဲ့ဝင် ၇ ဦးနှင့် ရှပ်ပုံကျေးရွာ အုပ်ချုပ်ရေးမှူး ငြိမ်းချမ်းအောင် ဆိုသူတို့ သေဆုံးခဲ့ပြီး PDF ပူးပေါင်း တပ်ဖွဲ့များဘက်မှ လက်နက်အချို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု PRDF တာဝန်ရှိသူက ပြောသည်။