ရေးအမြှောက်တပ်မှ တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၊ ၅ ဦးသေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၂၀ ရက်။

ရေး အမြှောက်တပ် တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ ၅ ဦးသေဆုံးကာ လက်နက်ပါ သိမ်းဆည်းခံရလိုက်ရသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ မော့ကနင်ရွာသစ်တွင် ဇန္နဝါရီလ ၂၀ ရက်နေ့ (ယနေ့) နံနက်ပိုင်းက စစ် ကောင်စီ အမြောက်တပ်ရင်း ၃၁၇ မှ တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခဲ့ရာ ၅ ဦး သေဆုံးကာ လက်နက်များပါ သိမ်း ဆည်းရမိခဲ့သည်ဟု ရေးပြောက်ကျားတပ်ဖွဲ့(YGF) က ထုတ်ပြန်ထားသည်။

ယနေ့ နံနက် ၉ နာရီအချိန်ခန့်က မော့ကနင်အခြေစိုက် စစ်ကောင်စီ အမြောက်တပ်ရင်း ၃၁၇ မှ တပ်ဖွဲ့ဝင် ၆ ဦး ဆိုင်ကယ် ၃ စီးဖြင့် စီးနင်းမောင်းနှင်လာနေစဥ် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ရေးပြောက်ကျားတပ်ဖွဲ့ (YGF) က ထုတ်ပြန်ထားသည်။

ထိုသို့ ကြားဖြတ်တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး ၁ ဦး လွတ်မြောက်သွားကာ သေ နတ် ၃ လက်လည်း သိမ်းဆည်းရမိခဲ့သည်ဟု ရေးပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ကျန်ရစ်က ပြောသည်။

ဒေသခံတစ်ဦးက “ဖြစ်တာက မနက် ၉ နာရီလောက်မှာဖြစ်တယ်၊ အမြှောက်တပ်က တပ်သားတွေက ဆိုင်ကယ် နဲ့ သွားနေတာ ရေးပြောက်ကျားတပ်ဖွဲ့က လမ်းမှာ စောင့်နေပြီးတော့ တိုက်ခိုက်တာဆိုတော့ ထိသွားတယ်၊ ၅ ဦး သေသွားတယ်လို့တော့ ပြောတယ်။ တိုက်ခိုက်မှုဖြစ်ပြီးတော့ အမြှောက်တပ်ကနေ လက်နက်ကြီးတွေနဲ့ လှမ်း ပစ်တယ်၊ စစ်ဆေးမှုတွေလည်း လုပ်နေတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် အမြောက်တပ်ရင်းမှ လက်နက်ကြီးများဖြင့် ဆက် တိုက် ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံ အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။

ဇန္နဝါရီလ ၁၈ ရက်နေ့တွင်လည်း သံဖြူဇရပ်မြို့နယ်၊ ထင်းရှုးကျေးရွာရဲစခန်းကို ရေးပြောက်ကျားတပ်ဖွဲ့(YGF) က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟုလည်း YGF က ထုတ်ပြန် ထားသည်။

အလားတူ ဇန္နဝါရီလ ၆ ရက်နေ့တုန်းကလည်း လမိုင်းမြို့က ရဲသတင်း တပ်ဖွဲ့ရုံးမှ ရဲအုပ်ညီညီဝင်းကို ရေးပြောက် ကျားတပ်ဖွဲ့ (YGF) က ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။

ရေးပြောက်ကျားတပ်ဖွဲ့သည် ရေးမြို့နယ်အတွင်း စစ်ကောင်စီ လက်အောက်ခံ စစ်တပ်၊ ရဲတပ်ဖွဲ့ဝင်များကို မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ရှိသည့် အပြင် စစ်ကောင်စီ တပ်စခန်းများ၊ ဌာနဆိုင်ရာရုံးများကိုလည်း တိုက် ခိုက်လေ့ ရှိသည်။