USDP စည်းရုံးရေးမှူး တစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၂၀ ရက်။

ကျိုက်ထိုမြို့နယ်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ USDP စည်းရုံးရေးမှူး တစ်ဦး ပစ်သတ်ခံ လိုက်ရ သည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မရမ်းချောင်ကျေးရွာနေ USDP ပါတီ စည်းရုံးရေးမှူး ဦးအောင်ထွေးခိုင် ဆိုသူ ပစ်သတ်ခံရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မရမ်းချောင်ဒေသခံတစ်ဦးက “ဦးအောင်ထွန်းခိုင် ပစ်ခတ်ခံရတာက သူပိုင်တဲ့ ပျဥ်းကတိုးကုန်း ကျေးရွာက ခြံမှာ ဖြစ်တယ်။ သူခြံမှာ ရှိနေတဲ့ အချိန်မှာ သေနတ်သမားတွေက လာပစ်သတ်သွားတယ်။ အဲ့ဒီမှာပဲ သေသွားတယ်။ ဘယ်သူလုပ်သွားလဲတော့ မသိဘူးပေါ့” ဟု ပြောသည်။

ဦးအောင်ထွေးခိုင်သည် ဇန္နဝါရီလ ၁၉ ရက်နေ့၊ နံနက် ၁၁ နာရီ အချိန်ခန့်က ၎င်းပိုင်ဆိုင်သည့် ပျဥ်းကတိုးကုန်း ကျေးရွာရှိ ခြံထဲတွင်တည်ရှိနေစဥ် သေနတ်သမားများက လာရောက် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်ဟု လည်း ဆိုသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အသက် ၅၆ နှစ်အရွယ်ရှိ ဦးအောင်ထွန်းခိုင်သည် ဦးခေါင်း ကျည်ဖောက်ဝင် ဒဏ်ရာဖြင့် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

ဦးအောင်ထွေးခိုင်သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အမာခံထောက်တိုင် တစ်ဦးဖြစ်ပြီး၊ ကျေး ရွာ မီးလင်း‌ရေး ကော်မတီဝင်တစ်ဦးလည်း ဖြစ်ကာ ကျေးရွာအတွင်း မီတာဖတ်တာ မီတာခကောက်ခံခြင်းတို့ကို လုပ်ဆောင်နေသူဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဦးအောင်ထွေးခိုင် ပစ်သတ်ခံရသည့်ဖြစ်စဥ်နှင့် ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သွားသည်ကို မည်သည့်အဖွဲ့အစည်းကမှလည်း တရားဝင် ထုတ်ပြန်ထားခြင်းမျိုး မရှိသေးပါ။

အလားတူ ဇန္နဝါရီလ ၁၄ ရက်နေ့ညကလည်း မရမ်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးကို အမည်မသိ သေနတ် သမားများ က သေနတ်ဖြင့် ပစ်သတ်သွားခဲ့သေးသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ကျိုက်ထိုမြို့နယ်အတွင်း အမည်မသိ သေနတ်သမားများ၏ ပစ်ခတ်မှုများ ကြောင့် လူသေဆုံးရသည့် ဖြစ်စဥ်များ ဆက်တိုက် ဖြစ်ပွားလာခဲ့သည်။

အထူးသဖြင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူများနှင့် နိုင်ငံရေးပါတီဝင် များ ပစ်သတ်ခံရမှု ဆက်တိုက်ဖြစ်ပွားလာခဲ့သည်။