ထီးချိုင့်တွင် အိမ်မီးရှို့ရုံမက မျိုးစပါးနှင့် ကောက်ပဲသီးနှံများ မီးရှို့ဖျက်ဆီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၂၀ ရက်။
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်းက နေအိမ် ၅ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသည့်အပြင် ဒေသခံတောင်သူများ၏ မျိုးစပါးများနှင့် ကောက်ပဲသီးနှံများကို မီးရှို့ဖျက်ဆီးသွားသည်ဟု ပြောသည်။
ဇန္နဝါရီလ ၁၉ ရက်နေ့၊ ညနေ ၄ နာရီအချိန်ခန့်က ထီးချိုင့်မြို့နယ်၊ ကျောက်မှော်ကျေးရွာနှင့် နတ်အင်းကြားရှိ ဒေသခံတောင်သူများနေထိုင်သော အိမ် ၅ ဆောင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြောင်းမဲ့မီးရှို့ဖျက်ဆီး သွား ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဒေသခံ တောင်သူတစ်ဦးက “မှန်ကင်းတောင်ပေါ်မှာပါ။ ပြည်သူထိခိုက်မှုတော့ မရှိဘူး။ တဲတွေဘာတွေ မီးရှို့ သွားတာ။ တဲကြီးပဲရှို့သွားတာ မဟုတ်ဘူး။ တဲတွေမှာရှိတဲ့ ကောက်ပဲသီးနှံတွေ၊ မျိုးစပါးတွေ၊ မရောင်းရသေး တဲ့ဟာတွေ အကုန်ရှို့သွားတာ” ဟု ပြောသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၆၀ ကျော်ပါသည့် စစ်ကြောင်းက တောင်သူများ၏ အိမ် ၅ ဆောင်ကို မီးရှို့မှု အတွင်း လူသူထိခိုက်မှု မရှိဘူးဟု ဆိုသည်။
သို့သော် “အကုန်ပျက်စီး ဆုံးရှုံးတာပေါ့။ ဒီဘက်ဒေသက တဲ လို့ဆိုပေမယ့် အိမ်လိုနေကြတာ တောင်သူတွေက။ အဲ့လိုနေကြတဲ့ တဲတွေကို မီးရှို့တာ။ အခုရှို့တာက တဲသေး သေးလေးတွေ မဟုတ်ဘူး။ အိမ်လို အတည်ဆောက် ထားတဲ့ တဲတွေကို ရှို့သွားတာ။ ကိုယ်စိုက်ထားတဲ့ သီးနှံတွေ အကုန်ရှို့သွားတာ။ လယ်ထွန်စက်တွေရော ထား ထားတာလေ။ အခုက ဘာမှမကျန်ဘူး မီးရှို့သွားတာ” ဟု ဒေသခံတစ်ဦးက ဆက် ပြောသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ကျောက်မှော်ကျေးရွာနှင့် နတ်အင်းကြားရှိ ဦးဖိုးကောက်၊ ဦးသန်းအောင်၊ ဦးကျော် မိုး၊ ဦးအောင်ဖန်းနှင့် ဦးမိုးနိုင်တို့၏ အိမ်များကို မီးရှို့ဖျက်ဆီးသွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
အဆိုပါ အိမ် ၅ ဆောင်ကို မီးရှို့ဖျက်ဆီးသွားစဉ် အိမ်တွင်းရှိ မျိုးစပါးများ၊ ရိတ်သိမ်းထားသည့် ကောက်ပဲသီးနှံ များနှင့် စိုက်ပျိုးရေးသုံး ပစ္စည်းများကိုပါ မီးရှို့ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဒေသခံ တောင်သူများ၏ နေအိမ်များကို မီးရှို့သွားသည့် စစ်ကောင်စီ စစ်ကြောင်းမှာ စစ်သား အယောက် ၆၀ ကျော်ခန့်ပါပြီး ထီးချိုင့်မြို့နယ်ဘက် ထွက်လာသည့် စစ်ကြောင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
စစ်သား အယောက် အင်အား ၆၀ ကျော်ခန့် ပါဝင်သည့် ထိုစစ်ကောင်စီစစ်ကြောင်းမှာ ဇန္နဝါရီလ ၂၀ ရက်နေ့ (ယနေ့) နံနက်ပိုင်းအချိန်ထိ မှန်ကင်းတောင်ပေါ်တွင် ရှိနေသေးသည်ဟု ဒေသခံများက ပြောသည်။
အဆိုပါ စစ်ကောင်စီ စစ်ကြောင်း သွားလာလှုပ်ရှားနေသေးသည့်အတွက် ကျောက်မှော်ကျေးရွာ အပါအဝင် အနီးအနားရှိ အခြားသော ကျေးရွာများမှ ဒေသခံရွာသားမျာလည်း ဘေးလွတ်မည့် နေရာများတွင် ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု ပြောသည်။