ပုသိမ်ထောင်တွင်း နိုင်ကျဉ်းများအား ဖိနှိပ်မှု ပြင်းထန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၂၁ ရက်။

ပုသိမ်ထောင်တွင်း အဓိကရုဏ်း ဖြစ်ပြီးနောက် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ ပြင်းထန်နေသည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူများက ပြောသည်။

ပုသိမ်အကျဉ်းထောင်အတွင်း အဓိကရုဏ်းဖြစ်ပွားပြီးနောက်တွင် နိုင်ငံရေးအကျဉ်းသားများကို စစ်ကောင်စီ လက်အောက်ခံ ထောင်ဝန်ထမ်းများက နည်းမျိုးစုံဖြင့် ဖိနှိပ်မှုများ လုပ်ဆောင်နေသည်ဟု အကျဉ်းထောင်နှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံမှ သိရသည်။

ရုံးထုတ်စဉ် မိသားစုထံ ရှေ့နေမှတဆင့် အကျဉ်းသားတစ်ဦးက အမှာပါးလိုက်သည်နှင့် ပတ်သက်၍ “အိမ်က ပို့ထားတဲ့ အဝတ်တွေ အကုန်သိမ်းသွားတယ်။ အရမ်းအေးတာပဲ။ ညဆိုအိပ်မရဘူး။ အစားကတော့ ဟင်း မရှိ လည်း ထမင်းကိုရေနဲ့ဖျော်သောက်တယ်” ဟု ပြောသည်။

ထောင်တွင်း အဓိကရုဏ်းဖြစ်ပြီး နောက်ပိုင်းတွင် နိုင်ငံရေး အကျဉ်းသားများကို ကတုံးရိတ်ခြင်း၊ ထောင်ဝင်စာ တစ်လပိတ်ခြင်း အပြင် အကျဉ်းသားတစ်ဦးလျှင် စောင်ပိုင်းနှစ်ပိုင်းသာပေးပြီး အဝတ်တစ်စုံသာ ထားရှိရ သည်ဟု ထောင်ဝန်ထမ်းများနှင့် နီးစပ်သူများကပြောသည်။

ထောင်တွင်းတရားရုံးသို့ ရုံးထုတ်ချိန်တွင် ဘေးဘီကို မကြည့်ရ၊ ခေါင်းငုံထားရန် ညွှန်ကြားထားကြောင်း လိုက်နာ မှုမရှိက မစင် (ချီး) ထွက်အောင်ရိုက်မည်ဟု ခြိမ်းခြောက်ခံထားရကြောင်းလည်း ထောင်ဝန်ထမ်းများနှင့် နီးစပ်သူ အချို့က ဆိုသည်။

ရုံးထုတ်လာသည့် နိုင်ငံရေးအကျဉ်းသား၏ မိသားစုဝင်တစ်ဦးက “အဲဒါကြောင့်ဖြစ်မယ် ရုံးထုတ်လာတဲ့ သူတွေ အကုန်လုံး ခေါင်းလေးတွေ ငုံ့ပြီးလျှောက်နေကြတာ သံခြေကျင်းတွေလည်း ခတ်ထားတယ်။ ကြောက်အောင် ဘယ်လောက်များ နှိပ်စက်ခံထားရလဲ မသိဘူး” ဟု ပြောသည်။

အဓိကရုဏ်း ဖြစ်ပြီးနောက်နေ့တွင် နိုင်ငံရေးအကျဉ်းသား အများစုကို ခေါ်ထုတ်၍ တုတ်ဖြင့် အချို့မှာ အချက် ၅၀၊ အချို့မှာ အချက် ၃၀၊ အချို့မှာ အချက် ၂၀ စသည်ဖြင့် အရိုက်ခံရကြောင်း တစ်ဦးစ၊ နှစ်ဦးစသာ အရိုက်မ ခံရဘဲ လွတ်မြောက်ခဲ့သည်ဟု အမှုလိုက်ပါဆောင်ရွက်သည့် ရှေ့နေတစ်ဦးက ပြောသည်။

အဓိကရုဏ်း ဖြစ်ပြီးနောက် ဇန္နဝါရီလ ၈ ရက်နေ့တွင် ပုသိမ်အကျဉ်းထောင်သို့ စစ်ကောင်စီ၏ ပြည်ထဲရေး ဝန်ကြီး စိုးထွဋ် ရောက်ရှိလာပြီး အဓိကရုဏ်းတွင် ပါဝင်ခဲ့သည့် ထောင်ဝန်ထမ်းများအား တစ်ဦးလျှင် ငါးသောင်း ကျပ်စီ ချီးမြှင့်ခဲ့ပြီး ထောင်မှူးအား ချီးမွမ်းစကားဖြင့် ဂုဏ်ပြုပေးခဲ့သည်ဟု ထောင်ဝန်ထမ်းများနှင့် နီးစပ်သူ အချို့က ပြောသည်။

ပုသိမ်ထောင်တွင်း အဓိကရုဏ်း ဖြစ်ပွားခဲ့သည့် ဇန္နဝါရီလ ၆ ရက်နေ့မှ စတင်ကာ ထောင်ဝင်စာပေးပို့မှုကို ရပ် ဆိုင်းခဲ့သဖြင့် အကျဉ်းသားများ စားသောက်ရေး အခက်အခဲများ ကြုံတွေ့နေရသည်ဟု အကျဉ်းသားများ၏ မိသားစုဝင်များက ဆိုသည်။

ရှေ့နေတစ်ဦးက “အခု နိုင်ငံရေးအကျဉ်းသားတွေရဲ့ အမှုတွေကို ပြတ်အောင်ဖြတ်နေတယ်။ ပြီးရင် နိုင်ငံရေး အကျဉ်းသားတွေကို ခွဲပြီး ထောင်ပြောင်းဦးမှာ” ဟု ပြောသည်။

ပုသိမ်အကျဉ်းထောင် အဓိကရုဏ်းဖြစ်စဉ်တွင် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှူကြောင့် PDF အဖွဲ့ဝင်ဟောင်း နိုင်ငံရေး အကျဉ်းသား ကိုဝေယံဖြိုး (ခ) ရာစု ကျဆုံးခဲ့ပြီး ၉ ဦး အသက်အန္တရာယ်စိုးရိမ်ရကာ ၁၃ ဦး စိုးရိမ်ဒဏ်ရာများ ရရှိခဲ့သည်။

၎င်းတို့သည် ပုသိမ်မြို့ ၉ ထပ်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း စုစုပေါင်း အကျဉ်းသား ၆၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများက ပြောသည်။