ဓါတ်ဆီဆိုင် မီးလောင်မှု ဝန်ထမ်းတစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၂၁ ရက်။

ဧရာဝတီတိုင်း အတွင်းရှိ စက်သုံးဆီဆိုင်တစ်ဆိုင် မီးလောင်မှုတွင် ဆိုင်ဝန်ထမ်း ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်၊ အသုတ်မြို့ အမှတ် (၅) ရပ်ကွက်ရှိ မြတ်မေတ္တာမွန် စက်သုံးဆီဆိုင်၏ သို လှောင်ရုံတွင် ဇန္နဝါရီလ ၁၉ ရက်နေ့၊ ည ၉ နာရီခွဲ အချိန်ခန့်က မီးစတင်လောင်ကျွမ်းခဲ့ရာ ၀န်ထမ်း ၁ ဦး သေဆုံး ပြီး ၄ ဦး ဒဏ်ရာရခဲ့သည်ဟု မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက “နိုင်တီတူး (92) ဓါတ်ဆီ တိုင်ကီကို သံဂေါက်နဲ့ ဖွင့်တာမှာ မီးစထွက်ပြီး လောင်တာ ဆိုင်ဝန်ထမ်း ဦးလှခင် က တော့ ဝုန်းကနဲ မီးထလောင်ကတည်း မီးထဲပါသွားပြီး သေရတာ။ ဝန်ထမ်း ၃ ယောက် က ဒဏ်ရာပြင်းထန်တယ်” ဟု ပြောသည်။

အသက် ၆၈ နှစ်အရွယ် ဆိုင်ဝန်ထမ်း ဦးလှခင် သေဆုံးကာ အသက် ၃၃ နှစ်အရွယ် မန်နေဂျာ ကိုသူရဇော်ထက်၊ အသက် ၃၂ နှစ်အရွယ် ကိုညွှန့်ဝင်းမောင်၊ အသက် ၃၁ နှစ်အရွယ် ကိုပြည့်ဖြိုးဇော်တို့မှာ ခန္ဓာကိုယ် တစ်ကိုယ်လုံး တွင် မီးလောင်ဒဏ်ရာများ ရရှိထားပြီး အသက်အန္တရယ် စိုးရိမ်ရကာ အသက် ၃၄ နှစ်ရှိ ကိုမင်းမင်းဦး ဆိုသူသည် ခြေထောက်တွင် မီးလောင်ဒဏ်ရာ ရရှိခဲ့သည်ဟု မီးသတ်တပ်ဖွဲ့ဝင်များက ပြောသည်။

ရေကြည်မြို့နယ် မီးသတ်တပ်ဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက “ဆုံးရှုံးမှု တန်ဘိုးက တွက်ချက်တုန်းပါ။ ဆိုင်မန်နေဂျာ ဦးသူရဇော်ထက်ကိုတော့ မီးပေါ့ဆမှု ပုဒ်မ – ၂၈၅ နဲ့ အသုတ် နယ်မြေရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားပါတယ်” ဟု ပြောသည်။

မီးလောင်ကျွမ်းမှု ဖြစ်ပွားသည့် မြတ်မေတ္တာမွန် စက်သုံးဆီဆိုင်သည် ရေကြည်မြို့နယ်၊ အသုတ်မြို့ နယ်မြေ မီး သတ်စခန်းမှ တစ်မိုင်ခန့် ကွာဝေးသည့် ပုသိမ်-မုံရွာ-ရေဦး ကားလမ်းဘေးပေါ်၌ ရှိပြီး စက်သုံးဆီ ပိုင်ရှင်က ဦးထွန်းနိုင်ဝင်း ဆိုသူ ဖြစ်သည်။

အဆိုပါ မီးလောင်မှုအတွင်း စက်သုံးဆီဆိုင်မှ ဆီသိုလှောင်ရုံ ၂ လုံး၊ ဓါတ်ဆီ ပေပါ ၈ လုံး၊ ဒီဇယ် ပေပါ ၆ လုံး၊ ၁၂ ဘီး ကုန်တင် ယာဉ်တစ်စီး၊ ဆီဘောက်ဆာကား တစ်စီးတို့ မီးလောင် ပျက်စီးဆုံးရှုံးခဲ့သည်။

မီးလောင်ကျွမ်းမှုကို ရေကြည်၊ အသုတ်၊ ငါးသိုင်းချောင်း၊ ကျုံပျော်၊ ကျောင်းကုန်း၊ ပုသိမ်မြို့တို့က သန္ဓေ မီးသတ် တပ်ဖွဲ့ဝင် (၇၃) ဦး၊ အရံမီးသတ်တပ်ဖွဲ့ဝင် ၂၀ ဦး နှင့် မြို့ခံတို့က မီးငြိမ်းသတ်ယာဉ် (၈) စီး၊ ရေသယ်ယာဉ် (၃) စီး၊ ကွပ်ကဲမှုယာဉ် (၁) စီးတို့ဖြင့် ည ၁၁ နာရီကျော် အချိန်ထိ ငြိမ်းသတ်ခဲ့ရသည်။