ဒေသန္တရ စည်ပင်က အိမ်ခွန် ပစ္စည်းခွန်များ တိုးကောက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၂၄ ရက်။

တနင်္သာရီတိုင်း ကလိန်အောင်မြို့တွင် အိမ်ခွန် နှင့် ပစ္စည်းခွန်များ နှုန်းထားတိုးမြှင့်ကာ စည်ပင်အရာရှိမှ ကောက်ခံနေသည်ဟု ဒေသခံများက ပြောသည်။

ခေတ်ကာလနှင့် လျော်ညီစွာဆိုသည့် အကြောင်းပြချက်ဖြင့် အိမ်ခွန်နှင့် ပစ္စည်းခွန်များ ဈေးနှုန်းတိုးမြှင့်
ကြောင်း စာထုတ်ပြန်ကာ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ စည်ပင်သာယာရေးအဖွဲ့က ကောက်ခံနေခြင်း ဖြစ်သည်ဟု ဒေသခံ များက ပြောသည်။

ထိုသို့ ကောက်ခံမည်နှင့် ပတ်သက်၍ ဒေသခံတစ်ဦးက “အခုလို အချိန်မှာ ဒီလို အခွန် တိုးကောက်ခံတာမျိုးက
ဘေးကျပ်နံကျပ်ပါပဲ။ ပြေလည်နေကြတာ မဟုတ်တော့ ငွေမထည့်ချင်လို့ ဆန့်ကျင်လိုက်ပြန်ရင်လည်း သူတို့ လက်ထဲက ဥပဒေနဲ့ ဖမ်းတာ စီးတာတွေ လုပ်လာမှာကြောက်နေရတာ” ဟု ဒေသခံ အမျိုးသားတစ်ဦး က ပြော သည်။

ကလိန်အောင်မြို့တွင် ဇန္နဝါရီ ၁၈ ရက်နေ့က မြို့စည်ပင်သာယာ ရေး နယ်နိမိတ်အတွင်းရှိ အမှတ် (၁)၊ (၂)၊ (၃)၊ (၄) ရပ်ကွက်များတွင် တိုးမြှင့်ကောက်ခံသွားမည်ဟုဆိုကာ နှုန်း ထားများနှင့်တကွ ထုတ်ပြန်ကြော်ငြာကာ ကောက်ခံနေခြင်း ဖြစ်သည်။

ကလိန်အောင်မြို့ စည်ပင်သာယာရေးအဖွဲ့က တာဝန်ခံ ဦးခိုင်မင်း ဆိုသူမှ ကောက်ခံနေ သည်ဟု ဒေသခံများက ပြောသည်။

၂၀၂၃-၂၀၂၄ ခုနှစ်အတွက် အဆောက်အဦ အမျိုးအစားအလိုက် ပစ္စည်းခွန်၊ အဆောက်အဦ ခွန်များကို အခွန်နည်း ဥပဒေ အခန်း(၂)၊ ပုဒ်မ -၂၄၊ ပုဒ်မခွဲ (က) (ခ) (ဂ) (ဃ) တို့ အရ သတ်မှတ် ကောက်ခံသွားမည်ဟု ထုတ်ပြန်ထား သည်။

ယခု အခွန်ကောက်ခံမည့် အမျိုးအစားနှင့် နှုန်းထားများကို ကန့်ကွက်လိုသူများရှိပါကလည်း ကြော်ငြာစာပါသည့် နေ့မှ စတင်၍ ရက်ပေါင်း (၃၀) အတွင်း ကလိန်အောင်မြို့၊ စည်ပင်ရုံးတွင် လာရောက် ကန့်ကွက်နိုင်ကြောင်း ကို လည်း ဖေါ်ပြထားသည်။

စစ်တပ်က အာဏာသိမ်းပြီးသည့်နောက် ရေဖြူမြို့နယ် အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများမှာ အကျင့်ပျက်ချစား မှု ပိုမိုများပြားလာပြီး ဥပဒေမဲ့ တရားမဝင် ငွေကြေးတောင်းယူခြင်းများမှာ လည်း ယခင်ကထက် ပိုမိုများပြားလာ နေသည်ဟု ဒေသခံများက ဆိုသည်။