ထိုင်းနယ်စပ် ထားဝယ်-ထီးခီးလမ်းကို ရက်အကန့်အသတ်မရှိ ပိတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၂၄ ရက်။

ထိုင်းနယ်စပ်သွား ထားဝယ်-ထီးခီးလမ်းမကြီးကို လုံခြုံရေး အခြေအနေအရ ရက်အကန့်အသတ်မရှိ PDF ပူးပေါင်းတပ်များ ပိတ်လိုက်သည်။

Kawthoolei Army – KTLA ဆာကဆောတပ်မဟာ နှင့် နွေဦးပြောက်ကျား တပ်ဖွဲ့တို့က ပူးပေါင်း၍ စာအမှတ် ၁၈/၂၀၂၃ ဖြင့် အဆိုပါ လမ်းကို ပိတ်လိုက်ကြောင်း ထုတ်ပြန်အသိပေးလိုက်ခြင်း ဖြစ်သည်။

နွေဦးပြောက်ကျား တပ်ဖွဲ့ တာဝန်ရှိသူတဦးက “ထီးခီးလမ်းမကြီးကို အသုံးပြုပြီး အရှေ့ တောဒေသကို နယ်မြေ ရှင်းလင်းရန် စစ်ကောင်စီက စစ်ကြောင်းထိုးဖို့နဲ့ လက်နက်တွေ သယ်ဆောင်ဖို့ ပြင်ဆင်နေတာ ကြားရတယ်။ တချို့က အရပ်သား အသွင်ယူပြီး မြေပြင် သတင်းအချက်အလက်တွေ ယူနေတာကို လည်း သတင်းရထားတာမို့ အခုလို အရေးပေါ်ပိတ်လိုက်တာပါ” ဟု ပြောသည်။

ထိုင်းနယ်စပ်သွား ထားဝယ်-ထီးခီးလမ်းမကြီးကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း ဇန္နဝါရီလ ၂၂ ရက် နေ့က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ခရီးသွား ပြည်သူများ အတွက် လုံခြုံရေးအခြေအနေများကြောင့် အရေးပေါ်သွားလာခွင့် ပိတ်ထားပြီး မည်သည့် အချိန်တွင် ပြန်ဖွင့်ပေးမည်ကိုမူ လက်ရှိတွင် ဆုံးဖြတ်ထားခြင်း မရှိသေးကြောင်း၊ စိတ်ချရမည့် အချိန်တစ်ခုတွင် ပြန်လည် ဖွင့်ပေးသွားမည်ဟု နွေဦးပြောက်ကျား တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

PDF ပူးပေါင်းတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အား လိုက်နာမှုမရှိဘဲ နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် ကိစ္စရပ်များကို လည်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် လုံးဝ(လုံးဝ) တာဝန်ယူသွားမည် မဟုတ်ပါကြောင်းလည်း ထုတ် ပြန်ချက်တွင် ရေးသားထားသည်။

အလားတူ ထားဝယ်မြို့နယ် အခြေစိုက် ဥသြစစ်ကြောင်းကလည်း ဇန္နဝါရီလ ၁၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ အဆိုပါ ထားဝယ်-ထီးခီး လမ်းမကြီးကို အသုံးပြု၍ ပြည်ပနိုင်ငံများဖြစ်သည့် ထိုင်းနှင့်မလေးရှားနိုင်ငံများဆီသို့ လူမှောင်ခိုပို့ဆောင်နေကြသော အရပ်ခေါ် ဘော်လုံးကားများ၊ ဆိုင်ကယ်များနှင့် သုံးဘီး (မီနီအိုးဝေ) ယာဉ်များကို လည်း ယာယီ ဖြတ်သန်းသွားလာခွင့် ပိတ်ထားသည်။

ထို့အပြင် အဆိုပါလမ်းတွင် သံထည်ပစ္စည်းဟောင်းများ လိုက်လံဝယ်ယူနေသည့် သုံးဘီး (ကြီး) ယာဉ်များကို လည်း ဥဩစစ်ကြောင်းက ယာယီ ဖြတ်သန်းသွားလာခွင့်ကို ပိတ်ထားသည်။