လင်းယုန်တပ်ဖွဲ့ ပထမဆုံး ဒရုန်းစစ်ဆင်ရေးအဖြစ် ရဲကင်းစခန်းကို တိုက်ခိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၂၄ ရက်။

သရက်ခရိုင် တပ်ရင်း ၄ လင်းယုန်တပ်ဖွဲ့၏ ပထမဆုံးအကြိမ် ဒရုန်းစစ်ဆင်ရေးအဖြစ် ရေနံသာတိုက်နယ် ရဲကင်း စခန်းကို တိုက်ခိုက်ခဲ့သည်။

မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ရေနံ့သာတိုက်နယ် ရဲကင်းစခန်းကို ဇန္နဝါရီလ ၂၂ ရက်နေ့၊ ညနေ ၄ နာရီ အချိန်ခန့်က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့သည်ဟု လင်းယုန်အဖွဲ့ သတင်းထုတ်ပြန်ထားသည်။

”ဗုံးကွဲသံကြားတယ်။ ဗုံးပေါက်တယ်ဘဲ ထင်တာ။ နောက်မှ ဒရုန်းကို မြင်လိုက်တဲ့ သူက ပြောလို့ အပေါ်က ချ မှန်းသိတာ” ဟု ရေနံ့သာတိုက်နယ် ရဲစခန်းအနီး နေသူတစ်ဦး က ပြောသည်။

ထိုသို့ တိုက်ခိုက်မူကြောင့် ရဲစခန်းအတွင်းရှိ ရဲများ ထိခိုက်ကျဆုံးမူ ရှိနိုင်သည်ဟု ထုတ်ပြန်ချက်ထဲတွင် ရေးသား ထားသော်လည်း မြေပြင်သတင်းအချက်အလက် အရ ထိခိုက်သူ မရှိ ဟု စုံစမ်းသိရသည်။

ယခင် သရက်-မင်းတုန်း-ကံမ ပူးပေါင်းအဖွဲ့ လင်းယုန်တပ်ဖွဲ့ကို NUG မှ သရက်ခရိုင် တပ်ရင်း-၄ အဖြစ် အဆင့် မြှင့် တင်အပြီး တိုက်ပွဲဖေါ်ဆောင်မှုများ ခပ်စိပ်စိပ် ပြုလုပ်လာသည်ဟု ဒေသခံများက ပြောသည်။

သရက်၊ မင်းတုန်း၊ ကံမမြို့တို့သည် နယ်မြေဒေသအရ စစ်ဆင်ရေး လုပ်ငန်း အကောင်အထည်ဖော်ရန် ခက်ခဲ သော်လည်း ဇန္နဝါရီလ အတွင်း ၅ ကြိမ်ကို အောင်မြင်စွာဖေါ်ဆောင်ခဲ့သည် ဟု လင်းယုန်တပ်ဖွဲ့ တာဝန်ရှိသူများ ပြောသည်။

ဇန္နဝါရီလ ၁၅ ရက်နေ့တွင်လည်း သရက်ခရိုင်၊ ကံမမြို့ မြောက်ဘက် မြို့အဝင်ရှိ စစ်ကောင်စီတပ်၏ လုံခြုံရေး ဂိတ်အား လင်းယန်တပ်ဖွဲ့ကက ပြင်းအားမြင့် အဝေးထိန်းမိုင်း နှစ်လုံးခြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သေး သည်။

အလားတူ ဇန္နဝါရီလ ၁၃ ရက်နေ့တွင်လည်း မင်းတုန်းလဝကရုံး ၃ ကြိမ် အဝေးထိန်းမိုင်းဖြင့် သတိပေးဖောက်ခွဲ တိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးအား လုပ်ဆောင်ခဲ့သည်။

သရက်၊ မင်းတုန်း၊ ကံမမြို့ အနီးတဝိုက် ပတ်လည်တွင် ကပစ ခေါ် စစ်တပ်၏ ကာကွယ်ရေးပစ္စည်း ထုတ်လုပ် သည့် စက်ရုံများရှိပြီး ကပစ-၂၊ ကပစ-၁၀၊ ကပစ-၁၂၊ ကပစ-၁၃၊ ကပစ-၁၅၊ ကပစ-၁၇၊ ခလရ ၄၄ တပ်ရင်းတို့ အခြေစိုက်ထားကာ စစ်တပ်ကြီးစိုးသည့် နယ်မြေများ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။