ဖမ်းဆီးလိုသူကို မတွေ့သဖြင့် သုံးနှစ်အရွယ်ကလေး နှင့် ဇနီးကို ဖမ်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၂၄ ရက်။

အိမ်မဲမြို့နယ်တွင် အုပ်ချုပ်ရေးမှူးကို ဖမ်းဆီးရာ မတွေ့သဖြင့် သုံးနှစ်အရွယ် ကလေးငယ်နှင့် ဇနီး အပါအဝင် အခြား ၃ ဦးကို စစ်ကောင်စီ ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

ဧရာဝတီတိုင်း၊ ကညင်ကုန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး စောနေမူးကို လာရောက်ဖမ်းဆီးရာ မတွေ့သဖြင့် နေအိမ်တွင်ရှိနေသည့် ဇနီးဖြစ်သူ ဒေါ်အိဖြူနှင့် သုံးနှစ်အရွယ် ကလေးငယ်တို့ကို ဖမ်းဆီးသွားခြင်းဖြစ်သည် ဟု ဒေသခံများက ပြောသည်။

အုပ်ချုပ်ရေးရုံးနှင့် နီးစပ်သူတစ်ဦးက “သူ့မိန်းမနဲ့ ကလေးရယ်၊ အိမ်မှာ အလည်ရောက်နေတဲ့ အမျိုးသမီး သုံး ယောက်ကိုပါ ဖမ်းသွားတာ။ ဘာကြောင့် လာဖမ်းတယ်ဆိုတာတော့ သေချာ မသိဘူး။ စောနေမူးက တခြားရွာ ကို ရောက်နေတယ်လို့ သိရတယ်” ဟု ပြောသည်။

အိမ်မဲမြို့နယ် ကညင်ကုန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူးကို စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များက နေအိမ် အတွင်း ဝင်ရောက်ဖမ်းဆီးရာ မတွေ့သဖြင့် သုံးနှစ်အရွယ်ကလေးငယ်နှင့် ဇနီးဖြစ်သူကို ဖမ်းဆီးသွားသည်ဟု ဒေသခံများကပြောသည်။

ဇန္နဝါရီလ ၂၀ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီ လက်အောက်ခံ ရဲနှင့်စစ်သား ၁၅ ဦးခန့် ရောက်ရှိလာပြီး နေအိမ် အတွင်း ဝင်ရောက်ဖမ်းခဲ့ခြင်းဖြစ်သည်ဟု ကညင်ကုန်းကြီးကျေးရွာတွင် နေထိုင်သူ အချို့က အတည်ပြု ပြော သည်။

အလားတူ ကညင်ကုန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး စောနေမူးလည်း ထိုနေ့ညပိုင်းမှာပင် အိမ်မဲမြို့နယ်၊ ရွာသစ် ကြီးကုန်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်ဟု အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူများ က ဆိုသည်။

“စောနေမူးက ရပ်ရေးရွာရေး စိတ်ဝင်းစားတယ်။ ရိုးရိုးသားသားပဲနေတာပါ။ ကရင်နှစ်သစ်ကူးနေ့ကို ဖြစ် မြောက်အောင် သူပဲ ဦးစီးလုပ်တာ။ အခုက ဘာလို့ဖမ်းမှန်းမသိရဘူး” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦး က ပြော သည်။

ဖမ်းဆီးခံခဲ့ရသည့် အမျိုးသမီးသုံးဦးနှင့် သုံးနှစ်သားကလေးငယ်ကို ဇန္နဝါရီလ ၂၁ ရက်နေ့တွင် ပြန်လည်လွတ်ပေး ခဲ့ပြီး စောနေမူး၏ ဇနီးဖြစ်သူ CDM ကျောင်းဆရာမ ဒေါ်အိဖြူကိုမူ ဆက်လက်ဖမ်းဆီးထားသည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။

ကညင်ကုန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး စောနေမူးကို အိမ်မဲမြို့ ခလရ (၆၃) တပ်ရင်းတွင် ဖမ်းဆီးချုပ်နှောင် ထားပြီး စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု ခလရ (၆၃)နှင့် နီးစပ်သူများ က ပြောသည်။

မြို့အုပ်ချုပ်ရေး အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦး က “မြို့ပေါ်မှာတော့ ရှုပ်ထွေးနေတာပဲ။ ကွမ်းယာရောင်းတဲ့ ကောင်လေးတစ်ယောက်ဆီ က လက်နက်တွေ ဖမ်းမိ တယ်ကြားတာပဲ။ အဲဒါနဲ့ ဆက်စပ်ပြီး စောနေမူးကို ဖမ်း တာလို့တော့ ကြားတယ်” ဟု ပြောသည်။

အိမ်မဲမြို့နယ်တွင် ဇန္နဝါရီလ ၂၀ ရက်နေ့ နောက်ပိုင်းမှ စတင်ကာ မြို့အဝင်အထွက်များကို စစ်ဆေးမှုများ တင်း တင်း ကြပ်ကြပ်လုပ်ဆောင်နေပြီး CDM ဝန်ထမ်းများကိုပါ ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေသည် ဟု မြို့ခံများ ၏ ပြောပြချက်အရ သိရသည်။