ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးက ညမထွက်ရ အမိန့်ထုတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ် ဇန္နဝါရီလ ၂၅ ရက်။

မကွေးတိုင်း သရက်ခရိုင်အတွင်းရှိ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတဦးက ရွာသားများကို ညမထွက်ရန် အမိန့်ထုတ်ထားသည်ဟု ဒေသခံများက ပြောသည်။

သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ စပါးတန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဖိုးပြားက ရွာသား များ အားလုံး ည ၇ နာရီတွင် အပြင် မထွက်ရ အမိန့်ကို ဇန္နဝါရီလ ၂၄ ရက်နေ့ က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦး၏ လုပ်ပိုင်ခွင့်ထက် ကျော်လွန်ကာ စစ်တပ်အားကိုးဖြင့် ယခုကဲ့သို့ လုပ်ဆောင် နေခြင်းကို ရွာသူရွာသားများက ကျေနပ်ခြင်းမရှိ ဟု ပြောသည်။

”လယ်ထဲကိုင်းထဲက ကိစ္စမရှိဘူး။ မိုးလင်းထဲက သူများရွာနဲ့ မြို့တွေမှာ အလုပ်သွားလုပ်ရတဲ့ အခြေခံ အလုပ် သမားတွေအဖို့ ခက်တယ်။ ၇ နာရီဆိုတာ ဘာမှ ညဉ့်မနက်သေးဘူး။ ပိုဆိုးတာက စစ်တပ်ခေါ်လာတာပဲ စစ်တပ် ရှိတာ ရွာနာတယ်” ဟု အသက် ၆၀ အရွယ် သက်ကြီးပိုင်း ဒေသခံ တစ်ဦး က ပြောသည်။

စစ်တပ်က ဦးဖိုးပြားကို ကာကွယ်ရန် အတွက်ဟုဆိုကာ စစ်သား ၅ ဦးခန့်အား တပ်စခန်းချ နေထိုင်ဖို့ရန် သစ်၊ ဝါး၊ နှီး၊ သက်ကယ်များမှ အစ ရွာသားများထံမှ ငွေကြေးမပေးဘဲ အဓမ္မတောင်းခံပြီး စခန်းဆောက်နေသည် ဟု ဆက် ပြောသည်။

ဒေသခံတဦးက ”စပါးတန်းက တအိမ်ဝါး ၁၀ လုံး လူလုပ်အားပေးက ညောင်ပင်သာ ကြပ်ဝနဲ့ စပါးတန်းတင် ဝါး မနည်းဘူး။ အလကား ခုတ်ပေးရတာ။ တပ်စည်းခတ်တာနဲ့ လူနေ အဆောက်အဦ အတွက်ပေါ့။ ကျားလန်ခေါ် မှာပေါ့ အခိုင်အမာလုပ်နေတယ်” ဟု ပြောသည်။

ဇန္နဝါရီလ ၇ ရက်နေ့ညက အုပ်ချုပ်ရေးမှူးနှင့် စစ်သားများ သောက်စားနေချိန် သရက်ခရိုင် တပ်ရင်း ၄၊ လင်းယုန် တပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးနှင့် အုပ်ချုပ်ရေးမှူးဦးဖိုးပြားတို့ လက်မတင်လေး လွတ်မြောက်ခဲ့ သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ဦးဖိုးပြား၏ ကိုယ်ပိုင်ကားလည်း ဗုံးခွဲဖျက်ဆီးခံရပြီးနောက် ပုသိမ်-မုံရွာလမ်းဘေးရှိ နွားစာကျက်ကုန်း တခုကို စစ်တပ်က စခန်းဆောက်လုပ်စေကာ အကာအကွယ် ယူထားပြီးနောက် ယခုကဲ့သို့ ညမထွက်ရအမိန့် ကို ထပ် ထုတ်ခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။

”အရင် မဆလ ခေတ်က တပ်ထိုင်ခဲ့တဲ့ နေရာ မူလပိုင်ရှင် ပြန်ယူထားပြီးပြီ။ အခု ပြန်သိမ်းတာပေါ့။ စပါးတန်း၊ ညောင်ပင်သာ၊ ကြပ်ဝ ၃ ရွာက စိတ်ညစ်ရတာပေါ့။ ရွာတွေက စည်းရိုးပဲ ခြားတာ။ သူ့စခန်းလာလုပ်ရင်း ရွာတွေ ထိမှာ စိုးရိမ်တယ်” ဟု အသက် ၄၀ ခန့် အရွယ် စပါးတန်းရွာခံ တစ်ဦး က ပြောသည်။

ဦးဖိုးပြားသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် အမာခံတစ်ဦးဖြစ်ပြီး ဝပ်ရှော့လုပ်ငန်းမှ တဆင့် လူသိများလာကာ NLD လက်ထက် ၂၀၂၀ ခုနှစ်တွင် ယာယီ အုပ်ချုပ်ရေးမှူး လုပ်ရာမှ စစ်တပ်က အာဏာသိမ်းပြီး ချိန်တွင် အုပ်ချုပ်ရေးမှူး ဖြစ်လာသူ ဖြစ်သည်ဟု ရွာသားများက ဆိုသည်။

အသက် ၄၀ အရွယ်ကျေးရွာ အုပ်ချုပ် ရေးမှူးဟောင်း တစ်ဦးကလည်း ”သူစကားပြောရင် သူ့ဆရာ ထွေအုပ်ကို အမွှန်းတင်ပြီး မိခင်ဌာန မိခင်ဌာနနဲ့ အပ်ကြောင်းထပ်အောင် ဝင့်ဝါတဲ့ လူပေါ့” ဟု ပြောသည်။

စပါးတန်းအုပ်စုတွင် စပါးတန်းရွာကြီးနှင့် ညောင်ပင်သာ၊ မိုးနတ်၊ ကွင်းကြီးရွာ၊ လေသာရွာတို့ ပါဝင်ပြီး Mytel တာဝါတိုင် ခြံစည်းရိုးကို သွပ်ပြားများနှင့် အခိုင်အမာ ကာပေးရခြင်း၊ ကျေးရွာတွင်း လုပ်ငန်းများနှင့် တပ်စခန်း ဆောက်လုပ်ရေး လုပ်ငန်းများကို ရွာသူရွာသားများအား အခမဲ့ လုပ်အားပေး ခိုင်းစေနေမူများကြောင့် စားဝတ် နေရေးအတွက် အလုပ်ပျက်ကာ အလုပ်များအဆင်မပြေမှုများ ဖြစ်နေကြရသည်ဟု ရွာသားများက ပြောသည်။