အရပ်သား အယောင်ဆောင်လာသော တပ်ကြပ်ကြီး စာရေး တစ်ဦးအား PRDF ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၂၅ ရက်။

ဘုတ်ပြင်းမြို့ဆေးတပ်မှ တပ်ကြပ်ကြီးစာရေး တစ်ဦးသည် အရပ်ဝတ်ဖြင့် ခရီးသည် တင်ကားဖြင့် လိုက်ပါလာစဉ် ပုလော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PRDF က ဖမ်းဆီးခဲ့သည်ဟု တပ်ဖွဲ့တာဝန်ရှိသူများက ပြောသည်။

ဘုတ်ပြင်းမြို့၊ တဆရ ၁၈/၁၀၀ စစ်ဆေးရုံမှ ဆေးတပ်ကြပ်ကြီးစာရေး ဖြစ်သူ ကိုသန်းဇော်ဦး ကိုယ်ပိုင်အမှတ် တ-၃၅၂၈၂၅ သည် စစ်သံရုံးဝန်ထမ်းဝင်ခွင့် စာမေးပွဲ သွားရောက်ဖြေဆိုရာမှ အပြန်ခရီးတွင် ဖမ်းဆီးခံရခြင်း ဖြစ် သည်။

PRDF တာဝန်ရှိသူတစ်ဦးက “သူ့ကို စစ်ဆေး မေးမြန်းကြည့်တဲ့အခါ ဆေးတပ်ကြပ်ကြီး စာရေးအဆင့်နဲ့ တာဝန် ထမ်းဆောင်နေတာ စစ်သက် ၁၆ နှစ်ကျော်ပြီလို့ပြောတယ်။ လက်ရှိတော့ ကောင်းကောင်းမွန်မွန်ပဲ သူ့ကို လုံခြုံ တဲ့နေရာမှာ ထိန်းသိမ်းထား ပါတယ်” ဟု ပြောသည်။

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာနှင့် သင်္ကန်းတောကျေးရွာအကြား ပြည်ထောင်စု ကားလမ်းမကြီးပေါ်၌ ဇန္နဝါရီလ ၂၁ ရက်နေ့၊ ညနေ ၄ နာရီ အချိန်ခန့်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ တားဆီး စစ်ဆေးခဲ့ရာတွင် ဖမ်းမိခဲ့ခြင်း ဖြစ်သည်ဟု PRDF တပ်ဖွဲ့က ဇန္နဝါရီလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

ထိုက်သင့်သည့် အရေးယူမှုများ ပြုရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆွေးနွေးတိုင်ပင် ဆုံးဖြတ်ကာ ထိုက်သင့် သည့် ပြစ်ဒဏ်ပေးသွားမှာ ဖြစ်သည်ဟုလည်း PRDF တာဝန်ရှိသူက ပြောသည်။

တပ်ကြပ်ကြီး စာရေးအား ဖမ်းမိစဉ်က ဖုန်း ၁ လုံး နှင့် ငွေ ၂၀၀၅၀ ကျပ်တို့ကို သိမ်းဆည်းရရှိခဲ့သည် ဟုလည်း PRDF ၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

အလားတူ ဇန္နဝါရီလ ၂ ရက်နေ့ကလည်း ပုလောမြို့နယ် အတွင်းရှိ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် တနင်္သာရီ မြို့နယ်၊ ဇဝဲကျေးရွာ အခြေစိုက် ခမရ – ၅၅၆ တပ်ရင်းမှ စစ်ကောင်စီ တပ်သားတစ်ဦးနှင့် ပြီးခဲ့သည့်နှစ် ဒီဇင် ဘာလ ၂၄ ရက်နေ့၌ ကော့သောင်းအကျဉ်းထောင်မှ ဦးစီးမှူးတစ်ဦးတို့ကို PRDF တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သေးသည်။