မူးယစ်ဆေး ရောင်းဝယ်သည်ဟု ဆိုသူ ပျူစောထီးခေါင်းဆောင်တစ်ဦး ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၂၅ ရက်။
စစ်ကောင်စီတပ်ဖွဲ့ နှင့် ပူးပေါင်းကာ မူးယစ်ဆေးဝါးများရောင်းချနေသူ ကျေးရွာပျူစောထီးခေါင်းဆောင်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု ရေဖြူဒေသခံများက ပြောသည်။
ပစ်သတ်ခံရသူသည် လက်နက်ကိုင်ဆောင်ထားသည့် စစ်ကောင်စီ သတင်းပေး အသက် ၆၀ နှစ် အရွယ် ဦးအေး ဟန် ဆိုသူဖြစ်ပြီး ယခင် စစ်အစိုးရလက်ထက် က အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦးဖြစ်သည်။
မျက်မြင်တွေ့ရှိခဲသူ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက “ဒိုင်း ဒိုင်း ဆိုပြီး သေနတ် နဲ့ ၄ ချက်ပစ်တာ။ ပထမတစ်ချက် ပစ်တော့ မထိဘူး။ ထွက်ပြေးသေးတယ်။ နောက်ကလိုက်ပြီး ထပ်ပစ်မှ ထိသွားတာ” ဟု ပြော သည်။
ဦးအေးဟန်ဆိုသူမှာ လက်ရှိတွင် ရေဖြူမြို့နယ်၊ ကံပေါက်ဒေသအတွင်းရှိ ဇာဒီကျေးရွာ၏ ပျူစောထီးအဖွဲ့ကို ဦးဆောင်သူ တစ်ဦးလည်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဇန္နဝါရီလ ၂၅ ရက်နေ့၊ နံနက် ၁၀ နာရီ အချိန်ခန့်က ဇာဒီကျေးရွာရှိ သူ့၏ခြံထဲတွင် ရှိနေချိန် ဆိုင်ကယ်များဖြင့် လူ ၆ ဦး ရောက်ရှိလာပြီး သေနတ်ဖြင့် ၄ ချက် ပစ်ခတ်ခဲ့ရာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။
သေဆုံးသူ ဦးအေးဟန်သည် တပည့်အများအပြား မွေးထားကာ စစ်ကောင်စီတပ်နှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါး များ ဖြန့်ဖြူးရောင်းဝယ်မှုများ ပြောင်ပြောင်တင်းတင်း ပြုလုပ်နေခြင်းကြောင့် ၎င်းအား ဒေသခံ ပြည်သူ့ကာ ကွယ်ရေးအဖွဲ့များက အကြိမ်ကြိမ် သတိပေးခြင်းများလည်း ရှိနေခဲ့သည်ဟု ဒေသခံများက ဆိုသည်။
ထို့အပြင် ပစ်သတ်ခံရသူမှာ ဦးအေးဟန်မှာ ကျေးရွာမှ ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်နေသူများ၏ မြေယာများကိုလည်း သိမ်းယူကာ ရောင်းချနေခြင်းများ အပြင် စစ်ကောင်စီတပ်ဖွဲ့ နှင့် ပေါင်းပြီး ဆက်ကြေး ကောက်ခံမှုများကိုလည်း ပြုလုပ်လျှက်ရှိသည်ဟု ဒေသခံများက ပြောသည်။
ဆက်လက်၍ ဦးအေးဟန်ကို ပစ်သတ်ခဲ့သူများက ဇာဒီကျေးရွာ အုပ်ချုပ်ရေးမှူးအား နေအိမ်တွင်သွားရောက် ရှာဖွေခြင်းများ လုပ်ဆောင်ခဲ့သည့်အပြင် နေအိမ်ကို သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ခဲ့ကြသေးသည် ဟု ဒေသခံ များက ပြောသည်။
ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် မိနစ် ၃၀ ခန့် အကြာတွင် ကံပေါက်ဘက်မှ စစ်ကောင်စီတပ်ဖွဲ့များ ရောက်ရှိလာပြီး အနီးဝန်းကျင်ရှိ ရွာသားများအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်ဟု ရွာသားများက ပြောသည်။