စစ်ကောင်စီက ရွာသား ၄ ဦးကို ဖမ်းဆီး သတ်ဖြတ်၊ နေအိမ်အချို့ကို မီးရှို့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၂၅ ရက်။
မန္တလေးတိုင်း၊ တကောင်းမြို့အနီးက ကျွန်းကြီးကုန်းရွာတွင် စစ်ကောင်စီ တပ်ဖွဲ့က ရွာသား ၄ ဦးကို ဖမ်းဆီးသတ်ဖြတ်သွားရုံမက နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။
စစ်ကိုင်းတိုင်း၊ ထီးချိုင့်ဘက်မှ မန္တလေးတိုင်း၊ တကောင်းမြို့ဘက်ကို ဝင်လာသည့် စစ်ကောင်စီ စစ်ကြောင်းမှာ ကျွန်းကြီးကုန်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ရွာသားများကို လည်း ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံထားရ သည့် ရွာသားများထဲက ၄ ဦးကို သတ်ဖြတ်သွားခြင်း ဖြစ်သည် ဟု ဒေသခံရွာသား တစ်ဦးက ပြော သည်။
“မနက်နှစ်နာရီကို အဲ့ဒီမှာ ကျနော်တို့ ကျွန်းကြီးကုန်းရွာက နော်နော်တဲ့ နော်နော်ဆိုတဲ့ ကောင်က ကူတို့ပို့နေတဲ့ ကောင်က လိုက်ပြတာ။ သူကနေပြီးတော့ လိုက်ပို့တာ။ ကျွန်းကြီးကုန်းရွာကို ဘယ်သူ့အိမ် ဘာညာဆိုတာကို လိုက်ပြတာ။ လိုက်ပြပြီးတော့ မနက်ကျတော့ ရွာကို ဝိုင်းထားပြီးပြီ။ ရွာကို ဝိုင်းထားပြီးတော့ ကိုမင်းနောင်တို့၊ မင်းအောင်တို့ မင်းမောင်ရဲ့ သားရယ် တခါတည်းဖမ်းသွားတာ။ ၂၄ ရက်နေ့ မနက်ပါ့။ အဲ့ဒီမှာဖမ်း၊ ဖမ်းပြီး တော့ ကိုမင်းနောင်တို့၊ မင်းအောင်တို့ မင်းမောင်ရဲ့ သားအကြီးရယ် အဲ့ ၄ ယောက်တော့ သတ်ပစ်လိုက်ပြီ။”
ဇန္နဝါရီလ ၂၃ ရက်နေ့၊ ည ၁၀ နာရီအချိန်ခန့်တွင် ထီးချိုင့်မှ ထွက်ခွာလာသည့် စစ်ကောင်စီ တပ်ဖွဲ့က နီကယ် စက်ရုံကို ဝင်ပြီး ၂၄ ရက်နေ့၊ နံနက် ၂ နာရီ အချိန်တွင် ဧရာဝတီမြစ်ကို သံခွံမော်တော်နှင့် ကူးကာ သံခွံမောင်းသူ ကိုနောနော် ဆိုသူ၏ လမ်းပြမှုနှင့် မြစ်အနောက်ဖက်ခြမ်းရှိ တကောင်းမြို့နယ် ကျွန်းကြီးကုန်း ကျေးရွာရှိ ရွာသား များကို ဘုန်းကြီးကျောင်းထဲတွင် ဖမ်းဆီးထားခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ဦးမင်းနောင်၊ ဦးမင်းအောင်၊ ဦးမင်းမောင်နှင့် ၎င်း၏ သားကြီး စုစုပေါင်း ၄ ဦးအား စစ်သားများက ဥပဒေမဲ့ သတ်သွားခြင်း ဖြစ်သည်ဟု အသက် ၆၀ ခန့်အရွယ် ရွာခံ အမျိုးသားတစ်ဦးက ပြောသည်။
“ရွာသားတွေကလည်း တချို့ထွက်ပြေးတယ်။ တချို့ကလည်း ရွာထဲမှာမိတယ်။ ရွာထဲမှာမိတော့ ဘုန်းကြီး ကျောင်းကို ခေါ်ထားတယ်။ ဘုန်းကြီးကျောင်းကို ခေါ်ထားတဲ့ရွာသားတွေကလည်း အခုထက်ထိမထွက်ရသေး ဘူး။ ၂၄ ရက်နေ့ ညက ဘယ်လိုလုပ်သလဲဆိုတော့ အထက်ပိုင်းက စက်လှေသုံးစင်းနဲ့ နဂိုကကို ဝိုက်ထားတဲ့ ခွေး တွေက ကိုမင်းမောင်တို့၊ ကိုမင်းအောင်တို့ သားအဖတွေကို သတ်ပြီးတော့မှ ရွာကို ဒီနေ့မနက် မီးရှို့တယ်။ တဲက ပဲအိတ်တွေကို ဒီနေ့မနက်ကားနဲ့ တိုက်ချသွားတယ်။ အဲ့ဒီကနေ ရွာကို မီးရှို့ပြီးတော့ စစ်ကိုင်းတိုင်း သူက မန္တ လေးတိုင်း သပိတ်ကျင်းမြို့နယ် တကောင်းမြို့ဆိုတော့ သူက အခုက စစ်ကိုင်းတိုင်း နယ်မြေထဲကို ထီးချိုင့် မြို့နယ်ကို ကူးခဲ့ပြီ။”
အသတ်ခံလိုက်ရသည့် ကိုမင်းမောင်၏ တဲထဲတွင် ရိတ်သိမ်းထားသည့် မြေထောက်ပဲအိတ်များကိုလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက သိမ်းဆည်းပြီး သံခွံပေါ်တင်သွားသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။
ထို့နောက် ဇန္နဝါရီလ ၂၅ ရက်နေ့၊ နံနက် ၉ နာရီအချိန်ခန့်တွင် တကောင်းမြို့နယ်၊ ကျွန်းကြီးကုန်းကျေးရွာကို စစ်ကောင်စီ တပ်ဖွဲ့ဝင်ကို မီးရှို့ဖျက်ဆီးခဲ့ရာ ပြည်သူများ၏ နေအိမ် ၉ ဆောင်မီးရှို့ခံရပြီး နေအိမ်များအတွင်းရှိ အဖိုးတန်ပစ္စည်းများကိုလည်း စစ်သားများက မွှေနှောက်ရှာဖွေယူသွားကြသည်ဟု ရွာသားများက ပြောသည်။
အဆိုပါ စစ်ကောင်စီ စစ်ကြောင်းထဲက စစ်သားအချို့မှာမူ ကျွန်းကြီးကုန်းကျေးရွာကို မီးရှို့ပြီးနောက် စစ်ကိုင်း တိုင်းဖက်ရှိ ညောင်ပင်သာကျေးရွာဖက်ကို ကူးသွားခြင်းကြောင့် ထိုရွာက ရွာသားများလည်း ၎င်းတို့ရွာ မီးရှို့ခံရ မည်ကို စိုးရိမ်နေကြသည်။ ကျွန်းကြီးကုန်းကျေးရွာအား မီးရှို့ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းမှာ မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း အစပ်တွင် စစ်ရေးလှုပ်ရှား သွားလာနေသည့် အင်အား ၁၂၀ ဝန်းကျင်ပါသည့် စစ်ကြောင်း ဖြစ်သည်။