စက်ဘီးစီး လူငယ်များ အုပ်စုဖွဲ့ ရိုက်နှက်မှုကြောင့် လူငယ်တစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၂၅ ရက်။

စက်ဘီးစီးလာသည့် လူငယ်များက အုပ်စုဖွဲ့ ဝိုင်းဝန်း ရိုက်နှက်မှုကြောင့် အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦး ဦးခေါင်းထိခိုက်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ရိုက်နှက်ခံရပြီး သေဆုံးသူ လူငယ်မှာ ထားဝယ်မြို့၊ ဝဲကျွန်းမြို့သစ်ရပ်ကွက်တွင် နေထိုင်သူ မောင်မင်းစိုးအောင် အသက် ၁၉ နှစ် ဖြစ်သည်။

အရိုက်ခံရရာတွင်ပါဝင်ခဲ့သူ တစ်ဦးက “အဖွဲ့လိုက် စက်ဘီးနင်းလာတာမို့ ငေးမောကြည့်နေချိန် သူတို့ကို ဘာလို့ ကြည့်တာလဲ။ မိုက်လို့လားလို့ မေးပြီး တာနဲ့ ဝိုင်းထိုး ဝိုင်းရိုက်ကြတာပါ။ ရန်ညှိုးရန်စလည်းမရှိပါဘူး။ အစမှာ ဝင်ရိုက်တဲ့အဖွဲ့က ၁၀ ယောက်ပါပဲ။ နောက်ထပ်ဖုန်းဆက်ပြီး ရောက်လာသူတွေရောဆို အယောက် ၂၀ လောက် နဲ့ ဝိုင်းရိုက်ကြတာ” ဟု ပြောသည်။

ရိုက်နှက်ခဲ့ကြသူများသည် ယခင်ကလည်း ထားဝယ်မြို့ပေါ်တွင် အုပ်စုဖွဲ့၍ အကြောင်းမဲ့ရမ်းကား ရိုက်နှက်မှုများ မကြာခဏ ပြုလုပ်လေ့ရှိပြီး ပုဆိန်အဖွဲ့ဟု ဆိုကာ နာမည်ကျော်ကြားသည်ဟု ဒေသခံများက ပြောသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့ ည ၈နာရီခန့်က ထားဝယ်မြို့ ကမ်းနားလမ်းပေါ်တွင် အလည်အပတ်ရောက်ရှိနေသည့် ကိုမင်းစိုးအောင် အပါအဝင် သူငယ်ချင်း ၇ ဦးကို စက်ဘီးစီးလာသည့် လူငယ် ၁၀ ဦးပါ အဖွဲ့က ဝိုင်းရိုက်ခဲ့ကြခြင်း ဖြစ်သည်ဟု မြို့များက ပြောသည်။

ဝိုင်းဝန်း ရိုက်နှက်ခံရသူများ အထဲမှ မောင်မင်းစိုးအောင်မှာ ဦးခေါင်းဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပြီး နေအိမ်သို့ မပြန်ရဲသဖြင့် သူငယ်ချင်းများနှင့်အတူ အသိဘုန်းကြီးကျောင်း တစ်ကျောင်းတွင် သွားအိပ်ခဲ့ကြပြီး နောက်ရက် နံနက် ၅ နာရီအချိန်ခန့်တွင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု အရိုက်ခံရသည့် ဖြစ်စဉ် တွင်ပါဝင်ခဲ့သူ တစ်ဦးက ပြောသည်။

သေဆုံးသူ မောင်မင်းစိုးအောင်၏ အလောင်းကို ဇန္နဝါရီလ ၂၃ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ဇဟာကျေးရွာ သုဿာန် တွင် မိသားစုဝင်များက မီးသင်္ဂြိုဟ်ခဲ့ကြသည်ဟု ဆက်ပြောသည်။

ရဲတပ်ဖွဲ့က ရိုက်နှက်ခဲ့ရာတွင် ပါဝင်သူ ၉ ဦးကို ဖမ်းဆီးရမိထားပြီး ထားဝယ်မြို့မ ရဲစခန်းတွင် စစ်ဆေးလျက် ရှိသည်ဟု ဒေသခံများက ပြောသည်။