တနင်္သာရီတွင် နှစ်ရက်ဆက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သား ၆ ဦးဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၂၅ ရက်။

တနင်္သာရီတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ နှစ်ရက် ဆက်တိုက် တိုက်ပွဲများ ဖြစ်ပွားနေ ပြီး စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ရွာသား ၆ ဦး ထိခိုက် ဒဏ် ရာများ ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု ကမ်းတိုနှင့် ညောင်ပင်ကုန်းကျေးရွာတို့အနီးတွင် ဇန္နဝါရီလ ၂၃ ရက်နေ့၊ နံနက်နှင့် ဇန္နဝါရီလ ၂၄ ရက်နေ့၊ နံနက်ပိုင်းတို့တွင် နှစ်ရက်ဆက်တိုက် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အသက် ၅၀ ခန့်အရွယ် ရွာသားတစ်ဦး က “မနေ့က မနက်စောစောကတည်းကနေ ညနက်တဲ့အထိ လက်နက် ကြီးတွေနဲ့ နားလိုက် ပစ်လိုက်လုပ်နေတာ။ ဒီမနက်စောစောလည်း ထပြီးပစ်သေးတာ” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားချိန်မှစတင်၍ စစ်ကောင်စီဘက်မှ တနေကုန် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ဘန်း လမွတ်ရွာသား ၆ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့်အပြင် နေအိမ်တစ်ဆောင်လည်း လက်နက်ကြီးကျည် ထိမှန် ပျက်စီးခဲ့သည်ဟု ရွာသားများက ပြောသည်။

တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ခရီးသည်ကားများနှင့် ကုန်ကားများလည်း နာရီအတန်ကြာ ပိတ်မိနေသည်ဟု ဒေသခံများက ပြောသည်။

ကုန်တင်ကားမောင်းသူတစ်ဦးက “မနေ့က မနက်ပိုင်း ၂ နာရီနီးပါး ဇဝဲလမ်းဆုံမှာ ပိတ်မိနေတာ၊ ဒီနေ့လည်း ကံ ဆိုးပြီး ထပ်ပိတ်မိ ပြန်သေးတယ်။ မနက်ကတော့ ၉ နာရီခွဲလောက်မှာ လမ်းပြန်ဖွင့်ပေးခဲ့တယ်” ဟု ပြောသည်။

ဇန္နဝါရီလ ၂၄ ရက်နေ့၊ နံနက် ၁၀ နာရီခန့်က တနင်္သာရီမြို့အနီးရှိ စစ်ကောင်စီအခြေစိုက် ခမရ – ၅၅၇ တပ်
ရင်းကို ပြည်သူကာကွယ်ရေးတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်တွင် ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး လူနာတင် အရေးပေါ်ကားများဖြင့် သယ် ယူနေမှုများ တွေ့ရသော်လည်း အသေးစိတ်ကိုမူ မသိရှိရသေးဘူးဟု တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် PDF တပ်ဖွဲ့ ဝင်တစ်ဦး က ဆိုသည်။

တချိန်တည်းမှာပင် တနင်္သာရီမြို့နှင့် ဆက်သွယ်ထားသည့် ဗောဓိကမ်းတံတားရှိ စစ်ကောင်စီတပ်ဖွဲ့ နှင့် ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇန္နဝါရီလ ၂၄ ရက်နေ့၊ မွန်းလွဲ ၂ နာရီ အချိန်ခန့်ထိ နှစ်ဘက်ပစ်ခတ်မှုများ ရှိနေခဲ့သည်ဟု တနင်္သာရီမြို့ခံများက ပြောသည်။

တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီဘက်က တနင်္သာရီတံတားနှင့် ဇဝဲစစ်ဆေးရေးဂိတ်များကို ဖြတ်သန်း သွားလာခွင့်ပိတ်ထားခဲ့သည်။

စစ်ကောင်စီ လက်အောက်ခံ ခမရ – ၅၅၈၊ ဇဝဲအခြေစိုက် ခမရ – ၅၅၆ တပ်ရင်းတို့နှင့် တနင်္သာရီမြို့ ဘုရားတောင် ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့တို့ကလည်း ဇန္နဝါရီလ ၂၄ ရက်နေ့၊ နံနက် ၄နာရီအချိန်ခန့်မှစတင်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များ ရှိရာသို့ လက်နက်ကြီးများဖြင့် တနေကုန် ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်ဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးများ ကျေးရွာ အနီးအနားဝန်းကျင်နှင့် ရွာများအတွင်း သို့ ကျရောက်ပေါက်ကွဲမှုများ ရှိနေသည့်အတွက် လက်နက်ကြီးကျည် ဒေသခံများကို ထိမှန်မည်ကို စိုးရိမ်နေကြ သည်။