မြစ်ကြီးနား မြဝတီဘဏ်ကို လက်ပစ်ဗုံးဖြင့်တိုက်ခိုက်၊ စစ်သား ၂ ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၂၅ ရက်။
မြစ်ကြီးနားမြို့ရှိ မြဝတီဘဏ် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက် ခံရ၍ စစ်ကောင်စီတပ်သား ၂ ဦးဒဏ်ရာရခဲ့ သည်ဟု မြို့ခံများက ပြောသည်။
ဇန်နဝါရီလ ၂၄ ရက်နေ့၊ ညနေ ၄ နာရီကျော်အချိန်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက်၊ ပြည် ထောင်စုလမ်းမကြီးပေါ်ရှိ မြဝတီဘဏ် ဗုံးပစ် တိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်သား ၂ ဦး ပြင်းထန် ဒဏ်ရာ များရရှိခဲ့သည်ဟု ရပ်ကွက်နေပြည်သူများက ပြောသည်။
လူမှုကူညီရေးအသင်း တစ်သင်းမှ အမျိုးသားတစ်ဦးက “ဒဏ်ရာကတော့များတယ်။ တစ်ကိုယ်လုံးစုတ်ပြတ်နေ တာပဲ။ အခြေအနေတော့ သိပ်မကောင်းဘူး ဂိတ်တဲ စောင့်တဲ့ စစ်သားဟုတ်တယ်” ဟု ပြောသည်။
မြစ်ကြီးနား-မြဝတီဘဏ်အား အမည်မသိ အဖွဲ့တစ်ဖွဲ့က မြဝတီဘဏ်အရှေ့တွင် ဗုံးဖြင့် ပစ်ခတ်ပြီး ထွက်ပြေး သွားခဲ့သည်ဟု အဆိုပါ အသင်းမှာ အမျိုးသားက ဆက်ပြောသည်။
ဗုံးဖြင့် ပစ်ခံရပြီးနောက် စစ်ကောင်စီတပ်သားများမှ သေနတ်ဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ ဘဏ်အနီးရှိ မြေမြင့်ရပ် ကွက် အတွင်း သေနတ်ကျည်ထိမှန်ခဲ့သည့် နေအိမ်အချို့လည်း ရှိခဲ့သည်ဟု ရပ်ကွက်နေ ပြည်သူများက အတည် ပြုပြောသည်။
မြစ်ကြီးနား မြဝတီဘဏ်မှာ ၂၀၂၁ ခုနှစ်၊ ဧပြီလ နှင့် အောက်တိုဘာလတုန်းကလည်း လက်လုပ်မိုင်းဖြင့် အပစ်ခံခဲ့ ရပြီး ထိုပစ်ခတ်ခံရမှုအတွင်း လူထိခိုက်မှုမရှိခဲ့ပေ။
ယခုဗုံးပစ်ခံရသည့် မြစ်ကြီးနား-မြဝတီဘဏ်မှာ၂၀၂၁ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့က ၇၆ နှစ်မြောက် တပ်မတော်နေ့ ကို ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် မြစ်ကြီးနားတွင် ဖွင့်လှစ်ခဲ့ပြီး မြဝတီဘဏ် လီမိတက်၏ (၆၆) ခု မြောက် ဘဏ် ခွဲလည်း ဖြစ်သည်ဟု ဘဏ်ဝန်ထမ်းများက ပြောသည်။
အလားတူ ဇန္နဝါရီလ ၂၁ ရက်နေ့တွင်လည်း မြစ်ကြီးနားမြို့ ရှိ ခလရ ၂၁ တပ်ကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရ သည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် မြို့တွင်း စစ်ဆေးမှုများ တင်းကြပ်ထားသည်ဟု မြို့ခံများက ပြော သည်။
ဇန္နဝါရီလ ၂၁ ရက်နေ့မှ စတင်၍ ဇန္နဝါရီလ ၂၅ ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဗလမင်းထင်တံတား အပါအဝင် မြို့၏ နေရာအတော်များများတွင် စစ်ဆေးမှုများ တင်းကြပ်ခဲ့ပြီး လိုင်စင်မဲ့ကားများနှင့် ဆိုင်ကယ်များ ကို စစ်ဆေးမှုပြုလုပ်နေသည်ဟု မြို့ခံများက ပြောသည်။