လေဘေးထည်များကြောင့် ဆိုင်ကြီးများ ရောင်းအားကျ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၂၅ ရက်။
လေဘေးအထည်ဆိုင်များ အဆမတန်များလာခြင်းကြောင့် တောင်ကြီးမြို့က အထည်ဆိုင်ကြီးများ ရပ်တည်ရ ခက်လာသည်ဟု ပြေသည်။
ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြို့နေရာ အနှံ့အပြား၌ လေ ဘေး (ဘေထုပ်) ဆိုင်ကြီးများ အဆမတန်များလာသောကြောင့် အထည်ဆိုင်ကြီးများမှာ ရပ်တည်ရခက်လာပြီး ဆိုင်အချို့မှာ ပိတ်သိမ်းလိုက်ရသည်ဟု ရှိနေပြီဟု ဆိုင်ရှင်များက ပြောသည်။
တောင်ကြီးမြို့ မြို့မဈေးရှိ မြတ်ဈေးဝယ်စင်တာမှ အထည်ဆိုင် ပိုင်ရှင်တစ်ဦးက “ပြည်သူတွေကတော့ အဆင် ပြေတာပေါ့နော်။ Brand တွေကို ဈေးပေါပေါနဲ့ ရတယ်။ အထည်များများလည်း ဝယ်နိုင်တယ်။ ကျနော်တို့ကျ တော့ ရပ်တည်ရ ခက်သွားတာပေါ့။ လူတန်းစားမရွေး ဘေထုပ်ပဲ ဝယ်ကြတော့ ကျနော်တို့က ဈေးဦးပေါက်ဖို့ တောင် အနိုင်နိုင်။ အဟောင်းမကုန်တော့ အသစ်လည်းမတင်နိုင်။ အသစ်မတင်တော့ ဝယ်သူကမရှိ။ သံသရာ လည်နေတာပဲ” ဟု ပြောသည်။
လေဘေးဆိုင်များမှာ ယခင် NLD အစိုးရလက်ထက် COVID 19 ရောဂါဖြစ်ပွားစဉ် ကတည်းက စတင်ဖွင့်လှစ် ရောင်းချခဲ့ကြခြင်း ဖြစ်ပြီး စစ်အာဏာ သိမ်းပြီးနောက်ပိုင်းတွင် အလုပ်လက်မဲ့ များလာမှုကြောင့် တဖြည်းဖြည်း တိုးလာရာမှာ ယခုမြို့၏ နေရာအနှံ့တွင် တွေ့နေရပြီဟု မြို့ခံပြည်သူများက ပြောသည်။
ယခင်က တောင်ကြီးမြို့တွင် လေဘေးဆိုင်များမှာ အ.ထ.က ၃ ကျောင်း အနီးတစ်ဝိုက်နှင့် ဈေးကြီးတို့တွင်သာ ရှိခဲ့ရာမှ ယခု ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ ပျံကျဆိုင်များ၊ Online ရောင်းချမှုများ၊ အဓိက မြို့ပတ်လမ်း နေရာ များနှင့် ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင်ပါ ဆိုင်ခန်းများ ဖွင့်လှစ်လာနိုင်ခြင်းကြောင့် အထည်ဆိုင်ကြီးများက ရပ်တည်ရခက်လာခြင်း ဖြစ်သည်ဟု အထည်ဆိုင်ပိုင်ရှင်များက ပြောသည်။
လေဘေး ရောင်းချသူများမှာ စစ်အာဏာသိမ်းမှုကြောင့် အလုပ်လက်မဲ့ဖြစ်သွားသော ကုမ္ပဏီဝန်ထမ်းများ၊ CDM ဝန်ထမ်းများ ပါဝင်ပြီး အနည်းဆုံး ထက်ဝက်ခန့် အမြတ်ရနေခြင်းကြောင့် ရောင်းချသူများလာသည်ဟု ဆိုသည်။
ထို့အပြင် လေဘေးဆိုင်များမှာ ယခင်က ဖြစ်သလို အထုပ်ဖောက်၍သာ ရောင်းချခဲ့သော်လည်း ယခုနောက်ပိုင်း လေဘေးဆိုင်များမှာ ဒိုဘီအပ်၍ ဆိုင်ခန်းများဖြင့် စနစ်တကျ ရောင်းချလာခြင်း၊ ပျက်စီးနေသော အထည်များကို ပြန်လည် ပြင်ဆင်ထားခြင်း၊ ရွေးချယ်စရာ ဒီဇိုင်းများ ပိုများလာပြီး ဈေးသက်သာခြင်းတို့ကြောင့် ဝယ်ယူသူမှာ လူတန်းစားမရွေး ဖြစ်လာသည်ဟု လေဘေးအထည် ရောင်းချသူများက ပြောသည်။
ဗိုလ်ချုပ်လမ်းမကြီးတွင် လေဘေး ရောင်းချနေသော အသက် ၃၀ အရွယ် အမျိုးသမီး တစ်ဦးက “ကုန်ဈေးနှုန်း က ၃ ဆ တက်သွားတော့ အရင်က brand new ၁၀,၀၀၀ တန်ဆိုရင် အခု ၃၀,၀၀၀ ကျော်ပြီ။ ဘေထုပ်ဆိုရင် ကျမဆီမှာ ၅,၀၀၀ ကစ နာမည်ကြီး brand ဆို ၂၀,၀၀၀ နဲ့ရမယ်။ ဘာအနာအဆာမှ မပါဘူး။ အဲတော့ နောက် ပိုင်း ချမ်းသာတဲ့လူလည်း ဝတ်တာပဲ။ ကားနဲ့ လာဝယ်ကြတာမှာ တပုံကြီး” ဟု ပြောသည်။
တောင်ကြီးမြို့တွင် လေဘေးဆိုင်များလာသောကြောင့် အခြား အထည်သစ် ရောင်းသည့်ဆိုင်ကြီးများမှာ နေ့စဉ် ရောင်းအား ကျဆင်းလာပြီး ပိတ်သိမ်းရသည့် ဆိုင်ပေါင်း ၃၀ ကျော်အထိ ရှိလာနေသည့်အပြင် အချို့မှာ ယခု ဇန္နဝါရီလကုန်တွင် ပိတ်သိမ်းရန် ပြင်ဆင်နေသည့် ဆိုင်ပေါင်း ၁၀ ကျော်ခန့် ရှိသည်ဟု ဆိုင်ရှင်များက ပြောသည်။
တောင်ကြီးမြို့တွင် ယခုလက်ရှိ ရောင်းချနေသော လေဘေးဆိုင်များမှာ Onlie Shop အပါအဝင် ဆိုင်ပေါင်း ၁၀၀ ကျော်အထိ ရှိနေပြီး ညစဉ်ညတိုင်း Live လွှင့် ရောင်းချသည့်ဆိုင် အနည်းဆုံး ၃ ဆိုင်ခန့် ရှိနေသည်ဟု မြို့ခံများက ဆိုသည်။