စစ်မှုထမ်းဟောင်း ဇနီးမောင်နှံ ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၂၅ ရက်။

မရမ်းကုန်းမြို့နယ်အတွင်း စစ်မှုထမ်းဟောင်း ဇနီးမောင်နှံ ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားသည်ဟု မြို့ခံများ က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်-၁ ရပ်ကွက်တွင် အငြိမ်းစား စစ်မှူထမ်းဟောင်း ဗိုလ်မှူး တစ်ဦးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန (လဝက) ဝန်ထမ်းတစ်ဦး ဖြစ်သည့် ၎င်း၏ ဇနီးဖြစ်သူတို့ ပစ်ခတ်ခံရသည်ဟု ရပ်ကွက်နေ ပြည်သူများက ပြောသည်။

မျက်မြင်တွေ့ရှိခဲ့သူ အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးက “သူတို့ လင်မယား ၂ ယောက် ဈေးဝယ်ပြန် လာတာလား ဘာလားတော့ မသိဘူး။ လူကြားထဲ ဝင်ပစ်ပြီး ခဏလေးအတွင်း ပျောက်သွားတာ။ ရဲတွေလာ တော့ ဘာအစအနမှတောင် မတွေ့တော့ဘူး” ဟု ပြောသည်။

ဇန္နဝါရီလ ၂၅ ရက်နေ့၊ နံနက် ၈ နာရီ ၄၀ မိနစ် အချိန်ခန့်တွင် အမှတ် ၁ ရပ်ကွက်ရှိ ၂ လမ်းသွယ်၊ ၂ လမ်း၌ ပစ် ခတ်ခံရပြီးနောက် ထိုနေရာ၌ပင် ၂ ဦးလုံး ပွဲချင်းပြီး သေဆုံးသွားသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။

သေဆုံးသူ ၂ ဦးမှာ အသက် ၄၅ နှစ်အရွယ် အငြိမ်းစားဗိုလ်မှူး ဦးကျော်မင်းသန်းနှင့် ၎င်း၏ဇနီးဖြစ်သူ အသက် ၄၅ နှစ်အရွယ် လဝက ဝန်ထမ်း ဒေါ်နော်စောမွန်မြတ် ဖြစ်သည်။ ပစ်ခတ်ခံရစဉ် ခင်ပွန်း ဖြစ်သူမှာ ဦးခေါင်း ၂ ချက် ပေါက်ထွက်ဒဏ်ရာခဲ့ပြီး ဇနီးဖြစ်သူမှာ ဦးခေါင်းပေါက်ထွက် ဒဏ်ရာနှင့် ရင်ဘတ်ပေါက်ထွက် ဒဏ်ရာ ရရှိပြီးနောက် ပွဲချင်းပြီး သေဆုံးသွားခြင်း ဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။

ပစ်ခတ်ခံရပြီးနောက် ၁၅ မိနစ်ခန့် အကြာတွင် စစ်ကောင်စီလက်အောက်ခံ စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီးနောက် ၎င်းတို့၏ အလောင်းများကို မြောက်ဥက္ကလာပဆေးရုံကြီးသို့ သယ်ဆောင်သွားသည်ဟု ဆိုသည်။

အမှတ် ၁ ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီး တစ်ဦးက “သူ့ယောက်ကျားက အငြိမ်းစားလို့ပဲ သိထားတယ်။ လက်ရှိ တာဝန်ထမ်းဆောင်နေတာ ဟုတ်/မဟုတ်တော့ မသိ ဘူး။ ဒလန်လားဆိုတော့ မပြောတတ်ပါဘူး” ဟု ပြောသည်။

၎င်းတို့ ဇနီးမောင်နှံ ၂ ဦးသည် အငြိမ်းစား ဗိုလ်မှူးနှင့် စစ်ကောင်စီ လက်အောက်ခံ လဝက ဝန်ထမ်း ဖြစ်သည်ဟု နီးစပ်သူများထံမှ သိရသော်လည်း စစ်ကောင်စီ၏ ဝါဒဖြန့် စာမျက်နှာများတွင် “အရောင်းအဝယ် လုပ်ကိုင်နေ သည့် အပြစ်မဲ့ အရပ်သား ပြည်သူ ၂ ဦးအား အကြမ်းဖက် PDF များမှ ရက်စက်စွာ ပစ်သတ်” ဟု ဖော်ပြထား သည်။

ရန်ကုန်တိုင်းအတွင်း မြို့ပြပြောက်ကျား စစ်ဆင်ရေးများ ခေတ္တ ဆိတ်ငြိမ်သွားပြီးနောက် ယခု ဇန္နဝါရီလအတွင်း ပြန်လည် စစ်ရေးဖော်ဆောင်လာသည် ဖြစ်ရာ ဇန္နဝါရီလ ၂၁ ရက်နေ့တွင်လည်း တောင်ဥက္ကလာပမြို့နယ် ၁၄ ရပ် ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးကို Freelance Attack Force မှ လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့သည်။

ရန်ကုန်တိုင်းတွင် မြို့ပြပြောက်ကျားတပ်ဖွဲ့များ အဖွဲ့ ခ၂၀ ကျော်ခန့် အထိရှိပြီး ယခုပစ်ခတ်မှုကိုမူ မည်သည့် အဖွဲ့ အစည်း ဖြစ်သည်ကို ထုတ်ပြန်သေးခြင်း မရှိသေးဘဲ သတင်းနှင့်မီဒီယာ ကွန်ရက်အနေဖြင့် အတည်ပြုနိုင်ရန် စုံစမ်းနေဆဲ ဖြစ်သည်။