ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၂၇ ရက်။

စစ်ကောင်စီခန့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တစ်ဦးနှင့် တပည့်ဖြစ်သူ စစ်ကောင်စီသတင်းပေးဟု ယူဆရသူ ပျူစောထီး အဖွဲ့ဝင်တစ်ဦးတို့ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး အရေးပေါ် ဆေးကုသမှု ခံယူနေရသည်ဟု ဒေသခံများက ပြော သည်။

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာတွင် ဇန္နဝါရီလ ၂၅ ရက်နေ့၊ နံနက် ၁၁ နာရီခွဲအချိန်က ဖြစ်ပွားခဲ့ ခြင်းဖြစ်ပြီး ပစ်ခတ်ခံရသူ နှစ်ဦးမှာ ကံပေါက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်စိုးနှင့် တပည့်ဖြစ်သူ စစ်ကောင်စီ သတင်းပေး ပျူစောထီးအဖွဲ့ဝင် ဦးလှဌေး ဆိုသူတို့ ဖြစ်သည်။

အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးက “သေနတ်သံ ၅ ချက် ဆက်တိုက် ပစ်တဲ့ အသံကြားလိုက်တယ်။ လူအုံ နေတာတွေ့လို့ ပြေးသွားကြည့်မှ အုပ်ကြီးနဲ့ သူ့တပည့် ၂ယောက်လုံး အပစ်ခံရမှန်းသိတာ” ဟု ပြောသည်။

နေ့လည်ခင်း ထမင်းစားချိန် အုပ်ချုပ်ရေးမှူးရုံးမှ အပြန် နေအိမ်တံခါးဖွင့်နေစဉ် ဆိုင်ကယ်များဖြင့် ရောက်ရှိလာ သူ လူ ၅ ဦးက ၎င်းတို့ နှစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်သွားသဖြင့် ထိခိုက်ဒဏ်ရာများ ပြင်းထန်စွာ ရရှိသွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဦးခင်စိုးမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ကံပေါက်ကျေးရွာအုပ်စု၏ ဒုတိယမြောက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဖြစ်ပြီး ငါးလုပ်ငန်းဦးစီးဌာနမှ အငြိမ်းစား ဝန်ထမ်းဟောင်းတစ်ဦးလည်း ဖြစ်သည်။

ထိခိုက်ဒဏ်ရာများ ရရှိသွားသည့် အုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ တပည့်ဖြစ်သူတို့မှာ ကျေးရွာအတွင်း ခေါင်းစဉ် အမျိုးမျိုးဖြင့် ငွေကြေး အခွန်အခများ မတရားကောက်ခံလေ့ရှိပြီး ရပ်ရွာဖွံ့ဖြိုးရေး ရံပုံငွေ သိန်းတစ်ရာကျော် ကိုလည်း စစ်တပ်နှင့် ပေါင်းကာ အတင်းအဓမ္မ သိမ်းယူမှုများရှိခဲ့သည်ဟု ဒေသခံများက ဆိုသည်။

သေနတ်ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သည့် အုပ်ချုပ်ရေးမှူးနှင့် တပည့်ဖြစ်သူတို့ကို အရေးပေါ် လူနာတင်ကားဖြင့် မောရဝတီရေတပ် ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဦးခင်စိုး၏ အိမ်သို့ မောရဝတီရေတပ် နှင့် ခလရ ၂၇၃ တပ်ရင်းမှ စစ်ကောင်စီ တပ်ဖွဲ့ ဝင် အများအပြားရောက်ရှိလာပြီး အနီးဝန်းကျင် နေအိမ်များကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံ များက ပြောသည်။

အလားတူ ဇန္နဝါရီလ ၂၅ ရက်နေ့ (ထိုနေ့) နံနက် ၁၀ နာရီ အချိန်ခန့်ကလည်း ဇာဒီကျေးရွာ ပျူစောထီးခေါင်း ဆောင် စစ်ကောင်စီသတင်းပေး ဦးအေးဟန် ဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်။