လောင်းကစားဒိုင်နှင့် သတင်းပေးများကို ပဲခူး PDF က ရှင်းလင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၂၈ ရက်။

စစ်ကောင်စီကို ဆက်ကြေးပေးပြီး လုပ်စားနေသော လောင်းကစားမျိုးစုံ ဒိုင်ချုပ်တစ်ဦးကို နန်းထိုက်အောင် စစ်ဆင်ရေး တစိတ် တပိုင်းအဖြစ် ပဲခူး PDF က ရှင်းလင်းခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ပဲခူးတိုင်း၊ ဖြူး နှင့် ညောင်လေးပင်မြို့မှ သတင်းများကို စစ်ကောင်စီအား ပေးပို့နေပြီး လောင်းကစားမျိုးစုံ ဒိုင်ချုပ် ဦးမျိုးဇော်ဦး ဆိုသူ ပစ်ခတ်ရှင်းလင်းခဲ့ရခြင်း ဖြစ်သည်။

ဒေသခံတစ်ဦး က ”အမှန်တရားချစ်မြတ်နိုးသူအဖွဲ့က လုပ်တာ။ သတင်းပေးတဲ့ အဲ့လူကို လောင်းကစား မလုပ်ဖို့ သတိပေးထားတာ ကြာပြီလို့ သိရတယ်” ဟု ပြောသည်။

ဖြူးမြို့နယ်၊ ညောင်ပင်သာမြို့၊ ပဲခူးလမ်း၌ နေထိုင်သော စစ်ကောင်စီသတင်းပေး၊ ပျူစောထီး ဦးမျိုးဇော်ဦး အား ဇန္နဝါရီလ ၂၅ ရက်နေ့၊ နံနက် ၄ နာရီခွဲ အချိန်ခန့်တွင် ပေါက်ဇလုတ်ကျေးရွာအုပ်စု၊ စက်ကုန်းကျေးရွာ၊ အုပ်ချုပ် ရေးမှူး ဦးခိုင်စိုး ဆိုသူ၏ နေအိမ်၌ ပစ်ခတ်ရှင်းလင်းခဲ့‌ရာ နေရာ၌ပင် သေဆုံးသွားသည်ဟု ဖြူးမြို့နယ်-ပကဖ အမှန်တရား ချစ်မြတ်နိုးသူများအဖွဲ့ က ထုတ်ပြန်ထားသည်။

အလားတူ ညောင်လေးပင်မြို့နယ်၌ ဇန္နဝါရီလ ၂၅ ရက်နေ့၊ ညနေ ၅ နာရီခွဲ အချိန်ခန့်တွင် စစ်ကောင်စီ၏ ထောက်တိုင် သတင်းပေး လူမိုက်‌ခေါင်းဆောင် ပျူစောထီး ဦးမင်းအောင်နှင့် ဇနီးဖြစ်သူ မအိမွန်တို့ နှစ်ဦးကို လည်း ကြက်ဝိုင်းမှ ပြန်လာစဉ် ညောင်လေးပင်မြို့နယ် – ပကဖ အဖွဲ့က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာ၌ပင် သေဆုံးခဲ့သည်ဟု ဆိုသည်။

အသက် ၄၀ အရွယ်ဒေသခံတစ်ဦး က ”အဲ့ဒီနှစ်ယောက်က စကစ ထောက်တိုင် အကြီးစား လောင်းကစားမျိုးစုံနဲ့ ငွေရှာပြီးပေးနေတာ” ဟု ပြောသည်။

ပြည်သူလူထုအား နည်းမျိုးစုံ ဒုက္ခပေးနေသော စစ်ကောင်စီ၏ ထောက်တိုင်၊ သတင်းပေး၊ ပျူစောထီး၊ သွေးသောက်စသည့် လက်ဝေခံများအား ဆက်လက် တိုက်ခိုက်သွားမည်ဟု သက်ဆိုင်ရာ မြို့နယ် ပကဖများက အသီးသီးထုတ်ပြန်ထားသည်ဟု ကြေညာချက်တွင် ပါရှိသည်။

ပဲခူးရိုးမ အခြေပြု မြို့ရွာများသည် ယခင်က ဗမာပြည် ကွန်မြူနစ်ပါတီကြီးဆိုးခဲ့သော နိုင်ငံရေး တော်လှန်ရေး ရေခံမြေခံနှင့် ပြည့်စုံပြီး အစဉ်အလာရှိခဲ့သည့် ဒေသတစ်ခု ဖြစ်သည်။