တနင်္သာရီ တိုက်ပွဲများကြောင်း ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၂၈ ရက်။
တနင်္သာရီ တိုက်ပွဲ ၄ ရက်တာအတွင်း ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေကြရသည်ဟု မြိတ်ပြည်သူ့ ကာ ကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ အကြား ဖြစ်ပွားခဲ့သည့် ၄ ရက်တာ တိုက်ပွဲများအတွင်း စစ် သား ၂၅ ဦး ထက်မနည်း သေဆုံးခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့ပြီး ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေကြရသည်ဟု မြိတ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
မြိတ် – ပကဖ တာဝန်ရှိသူ တစ်ဦးက “ဒီနေ့တော့ အပြန်အလှန် ပစ်ခတ်တာတွေမရှိဘူး ငြိမ်နေတယ်။ ဘန်းလ မွတ်ရွာ ဘက်ကို စစ်ကြောင်း နှစ်ကြောင်း ထိုးလာနေတယ်လို့တော့ သိထားတယ်” ဟု ဇန္နဝါရီလ ၂၇ ရက်နေ့က ပြောသည်။
အဆိုပါ တိုက်ပွဲများကြောင့် တနင်္သာရီမြို့နယ်အတွင်းရှိ မရင်းကြီး၊ ဘန်းလမွတ်၊ ရမ်းဖို၊ ညောင်ပင်ကုန်း၊ ဗောဓိ ကမ်း၊ ဥယျာဉ်ကမ်း၊ အောက် ကင်းနှင့် မော်တုန်းကျေးရွာတို့မှ ဒေသခံ ၂၀၀၀ ကျော် အိုးအိမ်စွန့်ခွာ စစ်ဘေး ရှောင် နေကြရသည် ဟု ဒေသခံများက ပြောသည်။
ဇန္နဝါရီလ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့ အထိ လေးရက်အတွင်း မြိတ်မြို့ဘက်မှ တနင်္သာရီမြို့ဘက်သို့ မောင်းနှင်လာ သည့် စစ်ကောင်စီ ယာဉ်တန်းများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းနှင့် တနင်္သာရီ မြစ်ကူးတံတားရှိ ရဲကင်းဂိတ်များကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။
ထို့အပြင် ဗောဓိကမ်း တံတားထိပ်ရှိ စစ်ကောင်စီ လက်နက်ကြီးကုန်း၊ တနင်္သာရီမြို့ပေါ်ရှိ လဝက ဦးစီးအရာရှိ များ နေထိုင်သည့် အဆောင်များအပြင် ခမရ ၅၅၈ တပ်ရင်းတို့ကိုလည်း ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ သေး သည်ဟု မြိတ် PDF တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
အဆိုပါ တိုက်ခိုက်မှုများကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ် – ၂ တပ်ရင်း၊ တနင်္သာရီမြို့နယ်၊ မြိတ် မြို့နယ်၊ ကျွန်းစုမြို့နယ်တို့မှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၊ တောကြီးမြွေဟောက်အဖွဲ့ နှင့် ဘက်မလိုက် ပြောက်ကျားအဖွဲ့တို့က မဟာမိတ် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟုလည်း မြိတ် – ပကဖ တာဝန်ရှိသူ က ပြောသည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦး ထက်မနည်း သေဆုံးခဲ့ပြီး မြိတ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင် ၂ ဦးနှင့် တနင်္သာရီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး၊ စုစုပေါင်း ၃ ဦးကျဆုံးခဲ့ကာ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ ဝင် ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းကိုလည်း ဖော်ပြထားသည်။
မဟာမိတ် ပူးပေါင်းတပ်ဘက်မှ ကျဆုံးခဲ့သူများမှာ ဇန္နဝါရီလ ၂၅ ရက်နေ့ တရက်တည်းမှာပင် ကျဆုံးခဲ့ခြင်း ဖြစ်သည်။
ဘက်မလိုက် ပြောက်ကျားအဖွဲ့မှ တိုက်ပွဲအတွင်း ၁ ဦးကျဆုံးပြီး မြိတ်ပကဖအဖွဲ့မှ ကျဆုံးသူ ၂ ဦးမှာ မြိတ်ဘက် မှ တနင်္သာရီမြို့သို့ တက်လာမည့် စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲရန် လက်လုပ် Remote ဗုံးများ ဆိုင်ကယ်ဖြင့် သယ်ဆောင်လာစဉ် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ မဇောကျေးရွာအုပ်စု မရင်းငယ်လမ်းဆုံ အနီး မတော်တဆ ပေါက်ကွဲခဲ့ပြီး ကျဆုံးခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့် ဗောဓိကမ်း၊ ဘန်းလမွတ်၊ မော် တုန်း နှင့် ဥယျာဉ်ကမ်းကျေးရွာများမှ ရွာသား ၁၅ ဦး ဝန်းကျင်ခန့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ၁ ဦးသေဆုံးခဲ့ သည်ဟုလည်း ဒေသခံများက ပြောသည်။
လက်နက်ကြီးကျည် ထိမှန်ပြီး သေဆုံးသွားခဲ့သူမှာ ဥယျာဉ်ကမ်းကျေးရွာမှ အသက် ၉၀ အရွယ် ဒေါ်သိန်းခင် ဆိုသူ ဖြစ်သည်။
လက်နက်ကြီး ပစ်ခတ်မှုများကို စစ်ကောင်စီ၏ ခမရ ၅၅၆၊ ခမရ ၅၅၇၊ အမြောက်တပ် ၃၀၆ တပ်ရင်းတို့နှင့် ဗောဓိကမ်း တံတားတွင် တပ်စွဲထားသော စစ်ကောင်စီတပ် လက်နက်ကြီးကုန်း နေရာတို့မှ အဓိက ပစ်ခတ်နေ ခြင်း ဖြစ်သည်ဟု မြိတ် PDF တာဝန်ရှိသူက ဆိုသည်။
ထို့အပြင် ဘန်းလမွတ်ကျေးရွာမှ နေအိမ် ၂ ဆောင် လည်း မီးလောင်ပြာကျခဲ့ပြီး နေအိမ် တစ်ဆောင် ပျက်စီးသွား သည်ဟု ဒေသခံများက ပြောသည်။