စစ်ကောင်စီ လက်နက်ကြီးကြောင့် ဆန်စက်တလုံး မီးလောင်ပျက်စီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၂၈ ရက်။
စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး မြိတ်ခရိုင် ပလမြို့ပေါ်ရှိ ဆန်စက် တစ်လုံး မီးလောင် ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။
မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့ (မြို့နယ်ခွဲ)တွင် ဇန္နဝါရီလ ၂၆ ရက်နေ့၊ ညနေ ၅ နာရီခွဲ အချိန်ခန့်က ဆန်စက် မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး ပလ ရဲစခန်းတောင်ပေါ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ထိမှန်ခဲ့ခြင်း ကြောင့် ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက “အလုပ်လုပ် လည်ပတ်နေတဲ့ ဆန်စက်တော့ မဟုတ်ပါဘူး။ ပိုင်ရှင်လည်း ပြေးလွှားနေရတာနဲ့ ရွာမှာလည်း မရှိပါဘူး” ဟု ပြောသည်။
ပလမြို့ဈေး အနီးတစ်ဝိုက်တွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေး အဖွဲ့များက ချောင်းမြောင်း ပစ်ခတ်ခြင်းခံရပြီးနောက် ယခုကဲ့သို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ထို့အပြင် စစ်ကောင်စီ တပ်စွဲထားသည့် ပလရဲစခန်း တောင်ပေါ်မှ မကြာခဏ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှုများကြောင့် တို၊ တန်းရှင်း၊ သင်္ကန်းတော၊ ပိတပ်ကျေးရွာတို့မှ ရွာသားများ ထိခိုက်ဒဏ်ရာရရှိသူ အချို့နှင့် နေအိမ်အဆောက်အဦ ပျက်စီးမှုများလည်း ရှိနေသည်ဟု ဒေသခံများက ဆိုသည်။
ပလမြို့ ရဲစခန်းအား ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့ ည နှင့် ၉ ရက်နေ့ တို့တွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခြင်းခံခဲ့ရပြီးနောက် လက်ရှိတွင် စစ်ကောင်စီတပ်မှ အင်အား ထပ်မံဖြည့်တင်းမှုများ ပြုလုပ်ထားကာ လုံခြုံရေးယူထားသည်ဟု ဆိုသည်။