စစ်ကောင်စီရိက္ခာများ သယ်ယူပေးနေသည် ကားလိုင်းမှ ကားတစ်စီးကို တားပြီး သတိပေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၂၈ ရက်။

စစ်ကောင်စီ၏ ရိက္ခာများ သယ်ယူပေးနေသည့် ရွှေပုလဲသီ ခရီးသည်တင် မှန်လုံကားကို ပုလောမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PRDF မှ တားဆီးစစ်ဆေးခဲ့ပြီးနောက် ယာဉ်၏ အရှေ့လေကာမှန်ကို သေနတ်ဖြင့် သတိပေး ပစ်ခတ်ခဲ့သည် ဟု သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်မှ မြိတ်မြို့သို့ ပြန်ဆင်းလာသည့် ရွှေပုလဲသီ (Express) ကားကို မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကဒဲ ကျေးရွာ အနီးရှိ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ စစ်ဆေးရေးဂိတ်တွင် ဇန္နဝါရီလ ၂၆ ရက်နေ့၊ နံနက် ၁၁ နာရီခွဲ အချိန်ခန့်က တားဆီးပြီးနောက် ယခုကဲ့သို့ ပစ်ခတ်သတိပေးခဲ့ခြင်း ဖြစ်သည်။

PRDF တပ်ဖွဲ့ တာဝန်ရှိသူက “ကားပေါ်ပါလာတဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နဲ့ ခရီးသည် အားလုံး အောက် ကို ဆင်းခိုင်းပြီးမှ ရှာဖွေ စစ် ဆေးတာပါ။ ဘာမှတော့ မတွေ့ရပေမယ့် ပြင်းပြင်းထန်ထန် သတိပေးလိုတဲ့ သဘောနဲ့ ယာဉ်အရှေ့ဘက် မှန်ကို ပစ်ခတ်ခဲ့တာပါ” ဟု ပြောသည်။

ရွှေပုလဲသီ ခရီးသည်တင်ယာဉ်မှာ စစ်ကောင်စီ၏ ရိက္ခာကုန် ပစ္စည်းများကို အမြဲသယ်ယူပေးနေခြင်း ရှိနေသည် ဟု သိရှိရသဖြင့် အကြိမ်ကြိမ် သတိပေးခြင်းများ ပြုလုပ်ခဲ့သော်လည်း ရပ်နားခြင်းမရှိဘဲ ဆက်လက် လုပ်ကိုင် နေသဖြင့် ယခုကဲ့သို့ ပစ်ခတ်သတိပေးရခြင်း ဖြစ်သည်ဟု ဖေါ်ပြထားသည်။

ပစ်ခတ်မှုအပြီး၌ လမ်းမပေါ်ရှိ ကားမှန် အကွဲအစများကို ရှင်းလင်းပေးခဲ့ပြီးနောက် ယာဉ်နှင့် ခရီးသည်များကို ပြန်လွှတ်ပေးခဲ့သည်ဟု PRDF တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

ကားပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ပြည်သူများအားလုံး စိတ်အနှောက်အယှက် ဖြစ်ပေါ်စေခဲ့သည့် အတွက်လည်း အနူးအညွတ် တောင်းပန်ပါကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

စစ်ကောင်စီကို အထောက်ကူပြုနေသည့် ရွှေပုလဲသီ ယာဉ်လိုင်းဖြင့် ခရီးသွားလာခြင်းများကိုလည်း ပြည်သူများ အနေဖြင့် ရှောင်ကျဉ်ပေးကြပါရန် မေတ္တာရပ်ခံပါကြောင်းလည်း PRDF တပ်ဖွဲ့မှ အသိပေးထားသည်။