လောင်းလုံးတွင် non-CDM ဝန်ထမ်းများ တပတ်အတွင်း နုတ်ထွက်ရန် LLPDF သတိပေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၂၉ ရက်။

စစ်ကောင်စီ၏ ထောက်တိုင်အဖြစ် အလုပ်အကျွေး ပြုနေကြသည့် Non – CDM ဝန်ထမ်းများအားလုံး တပါတ် အတွင်း အလုပ်ထွက်ကြရန် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – LLPDF က အသိပေး ထုတ်ပြန် ထားသည်။

ထုတ်ပြန်ချက်ကို ဇန္နဝါရီလ ၂၇ ရက်နေ့က စာအမှတ် ၁၁၉/၂၃ ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဖေဖေါ်ဝါရီလ ၃ ရက် နေ့ နောက်ဆုံးထား၍ တပါတ်အတွင်း စစ်ကောင်စီ လက်အောက်မှ အမြန်ဆုံး စွန့်ခွာကြရန် သတိပေးထားသည်။

ထုတ်ပြန်ချက်ကို လိုက်နာမှုမရှိဘဲ စစ်ကောင်စီထောက်တိုင် Non-CDM ဝန်ထမ်းအဖြစ် ဆက်လက် တာဝန်ထမ်း ဆောင်နေမည် ဆိုပါက နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို ခံစားရမည်ဖြစ်သည်ဟုလည်း သတိ ပေး ထားသည်။

အသက်၃၅နှစ်အရွယ် Non-CDM ဝန်ထမ်းတစ်ဦးက “လတ်တလော ချက်ချင်းကြီး အလုပ်ထွက်ရဖို့ မလွယ်လှ ဘူး။ ထွက်လိုက်ရင်လည်း တနေရာကို ခြေရာဖျောက်ပြီး ထွက်ပြေးမှရမယ်။ မိသားစုတွေနဲ့ဆိုတော့ ပိုဆိုး တယ်၊ ဆက်လုပ်နေရင်လည်း ဘေးကြပ်နံကြပ်ပါပဲ။ အသက် အန္တရာယ်လုံခြုံမှု မရှိပြန်ဘူး။ စိုးရိမ်နေကြရ တယ်” ဟု ပြောသည်။

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းမှာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလမှစတင်၍ စစ် အာဏာသိမ်းပြီး ၂ နှစ်တာ ကာလအတွင်း ပထမဦးဆုံးအကြိမ် အဖြစ် Non – CDM သမား ဝန်ထမ်းများ အားလုံးကို သတိပေးထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယခင် ထုတ်ပြန်ခဲ့မှုများတွင် အကျင့်ပျက်ချစားသည်ဟု နာမည်ဆိုးထွက်သူ ဝန်ထမ်းတစ်ဦးချင်းကိုသာ သတိ
ပေး နှုတ်ထွက် စေခိုင်းမှုမျိုးသာ ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

လောင်းလုံးမြို့နယ်သည် စစ်အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုများအတွင်း ကျန်းမာရေး၊ ပညာရေး ဝန် ထမ်းအများစု ပူးပေါင်း ပါဝင်ခဲ့ကြပြီး ယနေ့အချိန်အထိ CDM အားကောင်းသည့် မြို့နယ် တစ်ခုလည်း ဖြစ်သည်။

စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရန်နှင့် သက်ဆိုးရှည်စေရန် Non – CDM ဝန်ထမ်းများက အဓိ က ထောက်တိုင်များ ဖြစ်ကြပြီး ပြည်သူများအား ဆင်းရဲဒုက္ခမျိုးစုံကြုံတွေ့စေရန် လုပ်ဆောင်နေသူများလည်း ဖြစ်သည်ဟု ထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြထားသည်။

ယင်းသို့ ထုတ်ပြန်ခဲ့မှုအပေါ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကာ CDM ပြုလုပ်ထားသူ ဝန်ထမ်းများက ကြိုဆို ထောက်ခံမှုများလည်း ရှိနေသည်။

CDM ပြုလုပ်ထားသည့် ဝန်ထမ်းများ မည်သို့နေထိုင် စားသောက် ရုန်းကန် ရင်ဆိုင်နေခဲ့ကြရ ဆိုသည်ကိုသိ
ရှိသွားကြမည့်အပြင် ယခုပင် အလုပ်ထွက်ရနိုး မထွက်ရနိုး စဉ်းစားနေကြရပြီ ဖြစ်တာကြောင့် ကိုယ်ချင်းလည်း စာနာတတ်သွားနိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်ကို အားပေးပါကြောင်း ပညာရေး ဝန်ထမ်းတစ်ဦးက ဆို သည်။

လောင်းလုံးမြို့နယ် အတွင်းရှိ ပြည်သူများအနေဖြင့် နေ့စဉ် ည ၈ နာရီမှ နံနက် ၄ နာရီ အချိန်အထိ အပြင် ထွက် သွားလာခြင်းမပြုရန် ထုတ်ပြန်ထားပြီး ဖြစ်သော်လည်း ခရီးသွားလာနေခြင်းများကို တွေ့ရှိနေရပါကြောင်း၊ ထပ်
ဆင့်၍ မည်သူမှ သွားလာခြင်း မပြုလုပ်ကြရန်နှင့် လိုက်နာမှုမရှိပါက မိမိတို့၏ တာဝန်သာ ဖြစ်ကြောင်းကိုလည်း LLPDF မှ ထပ်မံ အသိပေးထားသည်။